အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင် ကျောက်ကြီးကျေးရွာကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦး အထက် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
“အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ (၁) စီးနဲ့ မိနစ် (၂၀) ခန့်ကြာ လှည့်ပတ်ပြီး ပေါင် (၃၀၀) လို့ ယူဆရတဲ့ ဖျက်အားပြင်း ဗုံးသီး (၃) လုံးကို ကြဲချပြီး ထပ်မံ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဆိုပါ ဗုံးသီးတွေဟာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံပြည်သူ ၁၀ ဦး အထက် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အထက်ပါကဲ့သို့ ဗုံးကြဲခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးဟာ ပျောက်ဆုံးနေပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၀ ခန့်မှာလည်း လုံးဝနီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။
အာရက္ခတပ်တောအနေနဲ့ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုစာရင်း အသေးစိတ်ကို ထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင့် ကြည့်ရှုနိုင်ပါတယ်။
