NewsPolitic

မင်းအောင်လှိုင်လက်ထက် အရင်စစ်အာဏာရှင်တွေလို သုံးစရာနည်းမရှိတော့

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၆)

အာဏာသိမ်းစစ်ကောင်စီလက်ထက်ကနေ ရွေးကောက်ပွဲအတု ကျင်းပပြီးနောက် ပေါ်ထွက်လာတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အတုအယောင် အစိုးရတစ်ရပ်ဟာ အရင်စစ်အာဏာရှင်တွေလိုမျိုး သုံးစရာ နည်းမရှိတော့ဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သူတို့ကိုယ်သူတို့ အသွင်ကူးပြောင်းရေးအစိုးရလို့ ပြောနေတာဟာ ပါးစပ်အပြောသာရှိပြီး အဓိက ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို ဘယ်လိုသက်ဆိုးရှည်အောင် လုပ်မလဲဆိုတာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေါက်တာလှကျော်ဇောက “မင်းအောင်လှိုင်တို့ လုပ်နေတာက ဒီလို။ အသွင်ပြောင်းတာပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် အဲဒါ ပါးစပ်အပြောပဲ။ သူတို့မှာ ရည်မှန်းချက် တစ်ခုပဲရှိတယ်။ အဲဒါဘာလဲဆိုရင် စစ်အာဏာရှင်စနစ်ကို ဆက်လက်ပြီးတော့ သက်ဆိုးရှည်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။ ဟိုးအစကတည်းက စစ်အာဏာရှင် စနစ်ကြီး စပေါ်လာကတည်းက ၁၉၆၂ ကတည်းက သူတို့နည်းလမ်းပေါင်းစုံ သုံးနေတာ။ စစ်ကောင်စီခေတ်မှာ အခုခေတ်မှာ သူ့မှာသုံးစရာလမ်းကို မရှိတော့တာ။ ဗိုလ်နေဝင်းခေတ်တုန်းက ဆိုရှယ်လစ်ဆိုတဲ့ စကားနဲ့ သုံးတယ်။ နအဖ၊ နဝတ ခေတ်တုန်းက အပစ်အခတ်ရပ်စဲရေးနဲ့ လွတ်လပ်ခွင့်တွေ ပေးပြီးတော့ အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ ဒေသတွေကို ပေးပြီးတော့ ခင်ဗျားတို့ လုပ်ချင်တာလုပ် နောက်တက်လာတော့မှ နိုင်ငံရေးစကားပြောကြဆိုပြီးတော့ အဲဒီနည်းနဲ့ ဘိန်းတွေဖျက်ခိုင်း ဘာတွေဖျက်ခိုင်း အဲဒီနည်းနဲ့ သုံးခဲ့တယ်။ အခု စကစမှာ လုပ်စရာနည်း မရှိတော့ဘူး” လို့ သူက ပြောပါတယ်။

အစိုးရအဖွဲ့ အပြောင်းအလဲ သို့မဟုတ် ထိပ်ပိုင်း မူဝါဒ ချမှတ်မှုနဲ့ စစ်ရေး/လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေအားလုံးကို မင်းအောင်လှိုင်ကသာ စိစစ် ချုပ်ကိုင်ထားဆဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါကြောင့် အသွင်ကူးပြောင်းရေး အစိုးရလို့ အမည်တပ် ထားပေမယ့်လည်း လက်တွေ့ အာဏာဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှု အနှစ်သာရအရ စစ်ကောင်စီရဲ့ အာဏာဆက်လက် ဆုပ်ကိုင်ထားမှု အဖြစ်သာ အများစုက ရှုမြင်ကြပါတယ်။

ဒေါက်တာလှကျော်ဇောက “သူ ကျားဖြန့်လုပ်တယ် မလုပ်တာမဟုတ်ဘူး လုပ်တယ်။ ဒါပေမယ့် တရုတ်ရဲ့ဖိစီးမှု၊ နောက်တစ်ခြားနိုင်ငံတွေရဲ့ အမေရိကန်ကတောင် ပါလာပြီ။ ဒီကိစ္စတွေက ဝိုင်းပြီး ဟိုဒင်းပြုလို့ သူတို့မှာ တော်တော်တော့ ခက်တယ်။ ဘယ်လိုမှ အသက်ရှူလမ်းဖြောင့်ဖို့ဆိုတာ မလွယ်ဘူး။ ဟိုတုန်းက မဆလ တပ်က ကျမတို့ တိုက်နေခဲ့ရတုန်းက တော်တော် မာရေကျောရေ ရှိတယ်။ အခု ထစ်ခနဲဆို အလံဖြူထောင်တာနဲ့ ထွက်ပြေးတာနဲ့။ သူတို့လုပ်ရဲတာ တစ်ခုပဲ ဘာမှကိုယ့်ကို မခုခံနိုင်တဲ့လူတွေကို သတ်မယ်၊ ဖြတ်မယ်၊ မီးရှို့မယ် ဒီလောက်ပဲ လုပ်နိုင်တော့တာ။ အဲဒီတော့ တကယ့်တကယ် EAO တွေက အကုန်လုံး ဗမာပြည်အနှံ့မှု ဟိုတကွက်၊ ဒီတကွက်နဲ့ သူတို့ဒေသလေးတွေ သူတို့ တည်ဆောက်နေတာ။ အဲဒါလည်း ကောင်းတာပဲလေ။ အဲဒီဒေသလေးတွေမှာ စစ်အာဏာရှင်စနစ်အောက်က လွတ်ရင် တိုင်း၊ ဒေသလေးတွေ ဖွံ့ဖြိုးနိုင်တယ်။ တိုးတက်နိုင်တယ်ဆိုတာ ပြနေတာပဲ။ အဲဒီလိုပဲ ဖြစ်နေမှာပဲ။ တော်တော်တော့ လုပ်ယူရဦးမယ်” လို့ ပြောပါတယ်။

အမည်နာမအားဖြင့် အသွင်ကူးပြောင်းရေး ဒါမှမဟုတ် အရပ်သားအစိုးရလို့ ခေါ်ဆိုပေမယ့်လည်း ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အဓိက စစ်ဘက်ခေါင်းဆောင်များက အစိုးရအဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်ပိုင်းရာထူးတွေကို ဆက်လက်နေရာပေး ရယူထားကြတာပဲဖြစ်ပါတယ်။

Related posts

ကြံတစ်တန်ကို ငွေကျပ် ၂ သိန်းအထိ စံချိန်တင် ဈေးတိုးမြှင့်လာ

Rakhita Times

AA ထိုးစစ်ကိုခုခံရန် ဆုံကုန်းအမြောက်တပ်ကို စစ်ကူနဲ့လက်နက်ခဲယမ်း အများအပြားဖြည့်တင်း

Rakhita Times

ပုသိမ်တွင် လုံခြုံရေးစီမံချက် အမြန်ပြင်ဆင်နေ

Rakhita Times

Leave a Comment