အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၆)
မိုးအကုန် ဆောင်းအစမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒု ဥက္ကဌ (၁) ဒေါက်တာညိုထွန်းအောင်က ရက္ခိုင်ပြည်သူတွေကို သတိပေးထားပါတယ်။
“လက်ရှိ အသုံးပြုနေတဲ့ စစ်အင်အားထက် နှစ်ဆ သုံးဆ တိုးပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင်နက်တည်း လုပ်လာနေလို့ စစ်ရိပ် စစ်ငွေ့ သန်းလာတာကို တွေ့နေရတယ်။ မိုးအကုန် ဆောင်းအစမှာ တိုက်ပွဲတွေ ပိုလို့ ပြင်းထန်လာနိုင်တဲ့ အနေအထားကိုလည်း တွေ့နေရတယ်” လို့ ဒေါက်တာညိုထွန်းအောင်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီစာစောင်ရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ စစ်တွေ၊ ကျောက်ဖြူ နဲ့ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-ဧရာဝတီအစပ်၊ ချင်းပြည်-ပလက်ဝ-ရက္ခိုင်အစပ် နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
“လေမုန်တိုင်း ဘယ်လောက်ကြီးကြီး ရန်သူရဲ့ ထိုးစစ်တွေ ဘယ်လောက်များများ ခက်ခဲမှုတွေ ကြားထဲက တည်တည်ငြိမ်ငြိမ်နဲ့ ရည်မှန်းချက် မပျောက်ဘဲ တစ်ယောက်ချင်းဆီတိုင်း ဆက်လျောက်ထားနိုင်ဖို့က တအား အရေးကြီးပါတယ်” လို့လည်း ဒေါက်တာညိုထွန်းအောင်က ဆက်လက် ရေးသားထားပါတယ်။
ဆက်လက်ပြီးတော့ ရက္ခိုင်ပြည်ကို အလှဆုံးဖြစ်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ပညာစွမ်းတွေကို အကုန် အားစိုက်ကြဖို့၊ ဒီပါတီ စာစောင်ကိုလည်း ဖတ်ကြ၊ ဖတ်ပြီး ရရှိလာတဲ့ အမျိုးသားရေး အသိတရား ကြွယ်ဝမှုတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ အခုထက် ပါနိုင်အောင် လုပ်ကြပါလို့ မှာကြားလိုပါတယ်လို့လည်း ဒေါက်တာညိုထွန်းအောင်က တိုက်တွန်ထားပါတယ်။
