အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၆)
စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDDA) ကို ထိန်းပြီး အဲဒီ ဒေသမှာရှိနေတဲ့ စစ်တပ်တွေကို ထုတ်ပြီး တခြားနေရာတွေမှာ တိုက်ဖို့ လုပ်ချင်တာ ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
NSPNC အဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDDA) တို့ဟာ စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ခဲ့ကြတာပါ။
စစ်ကောင်စီခန့် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ MNDAA ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး (၂) နဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တာပါ။
ဆွေးနွေးပွဲကို မူလက နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ တစ်ရက်တည်းနဲ့ ပြီးသွားခဲ့ပြီး နှစ်ဖက် ဆက်တွေ့ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ဒီ တွေ့ဆုံမှုကနေ MNDAA တို့ တစ်စုံတစ်ရာ အာမခံချက် ရသွားတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒီ MNDAA တို့ ဘာတို့တော့ တစ်စုံတစ်ရာ အာမခံချက်တော့ ရသွားတာပေါ့နော်။ သူတို့ ဒီဒေသလေးကို ဗုံးမကြဲဖို့၊ သူတို့က သူတို့ ဆက်လက်ပြီးတော့ အဲဒီ ဒေသလေးမှာ ဘယ်လိုခေါ်မလဲ၊ ကောင်းကောင်းမွန်မွန်လေး ဆက်ပြီးတော့ လည်ပတ် နေရဖို့ပေါ့နော်။ သူတို့ ဒီဒေသလေး ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ့်ဟာကိုယ် လုပ်ကိုင်ပိုင်ခွင့် ရသွားတာပေါ့။ မအလ ဘက်ကလည်း စစ်တပ်ဘက်ကလည်း သူတို့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆွေး ဆွေးနွေးပြီးပြီ၊ ဘာပြီ၊ တစ်ဖွဲ့ကို ဘယ်လောက် ဘယ်လောက်ပေါ့။ ဘယ်အဖွဲ့တွေ ဘယ်အဖွဲ့တွေနဲ့ ဆွေးနွေးပြီးပြီ ဆိုတဲ့ ဝါဒဖြန့်ချိရေးတော့ တစ်ခု ရသွားတာပေါ့။ ဒါပေမယ့် တကယ့် အရင်းခံ ပြဿနာတွေကတော့ ဟိုဒင်းမှာ ပြေပြောက်သွားမှာ မဟုတ်ဘူးပေါ့နော်။ သူက ဒီ ကိုးကန့်ကို ထိန်းထားချင်တယ်၊ ကိုးကန့်က သူ့ကို မတိုက်စေချင်ရုံပါပဲ။ ပြီးတော့မှ သူက အဲဒီက တပ်တွေ ထုတ်ပြီး တခြားနေရာတွေ တိုက်ဖို့တော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ဒီစစ်တပ်က အခု တခြားဟာ မကြည့်နဲ့လေ၊ ဗန်းမော်ကို ထိုးနေတဲ့ တပ်ပဲကြည့်ကြည့်၊ AA ရက္ခိုင်မှာ ထိုးနေတဲ့ တပ်ပဲကြည့်ကြည့်၊ ဘာမှ ဟို ဘယ်လိုခေါ်မလဲ၊ ဟို အောင်မြင်မှုတွေ ရလာတယ်၊ တိုးတက်လာတယ်လို့ မကြားဖူးဘူးနော်။ တရုတ် အကူအညီနဲ့မှ တချို့မြို့လေးဘာလေး ပြန်ရလာတာ ရှိတယ်၊ နော်။ ဒီလောက်ပဲ ဖြစ်မှာပဲ။ ဒီပြည်တွင်းစစ်ကြီးက ဆက်ရှည်လိမ့်ဦးမယ်၊ ဒီစစ်အာဏာရှင်စနစ်ကလည်း တစ်စုံတစ်ရာ ဆက်ရှည်လိမ့်ဦးမယ်၊ ကျမတို့ ပြည်သူလူထုရဲ့ တော်လှန်ရေးက ဆက်တိုက်ရလိမ့်ဦးမယ်” လို့ သူကပြောပါတယ်။
MNDAA က သူတို့ထိန်းချုပ်ထားတဲ့ဒေသကို အထူးဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမှာတော့ ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ MNDAA ရဲ့ နိုင်ငံရေး တရားဝင် ရပ်တည်မှုဖြစ်ရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နိုင်ရေး စတဲ့အကြောင်းအရာတွေကို နှစ်ဖက် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
