အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ ကျရောက်မယ့် ၃၈ နှစ်မြောက် မြိုအမျိုးသားနေ့ကို ခမ်းနားစွာ ဂုဏ်ပြုကျင်းပသွားမယ်ဖြစ်ပြီး ပြည်တွင်းပြည်ပနဲ့ နယ်မြေအသီးသီးက မြိုတိုင်းရင်းသားတွေအနေနဲ့လည်း အချင်းချင်းစုဝေးပြီး ဂုဏ်ပြုကျင်းပကြဖို့ မြိုအမျိုးသားစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြိုအမျိုးသားစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်းဟာ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်မှာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ မြိုစာပေညီလာခံကနေတစ်ဆင့် ပြည်သူလူထုက ရွေးချယ်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားကိုယ်စားပြုအသင်းအဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအသင်းက ဦးဆောင်ပြီး မြိုအမျိုးသားနေ့၊ စာပေနဲ့ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ဖို့ လူငယ်၊ ကျောင်းသားနဲ့ ဘာသာရေးအင်အားစုတွေက ၂၀၂၃ ကစပြီး ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြတယ်လို့ သိရပါတယ်။
မြိုလူမျိုးတွေကြား သဘောထားကွဲလွဲနေတဲ့ မြိုအမျိုးသားနေ့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို စနစ်တကျ တွေ့ဆုံမေးမြန်း သုတေသနပြုပြီး ပြည်သူလူထုထံ အွန်လိုင်း (Zoom) နဲ့ လူချင်းတွေ့ဆုံပွဲတွေကနေတစ်ဆင့် ရှင်းလင်းတင်ပြခဲ့ကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှာ မြိုအမျိုးသားနေ့ အတည်ပြု သတ်မှတ်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အသင်းက မြိုလူမျိုးဟာ မျိုးနွယ်စုလိုက် စုံလင်ကွဲပြားတဲ့ လူမျိုးဖြစ်တာကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုကို နှောင့်ယှက်ဟန့်တားလိုတဲ့ ရည်ရွယ်ချက်နဲ့ အသင်းက အသိအမှတ်မပြုတဲ့ အခြားအမျိုးသားနေ့တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင်းပတဲ့ အလေ့အထတွေ ရှိနိုင်တယ်လို့ ကြိုတင် အသိပေးထားပါတယ်။
မြိုအမျိုးသားနေ့ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရေညှင်းချောင်းကျေးရွာမှာ မြို (ခမိ)၊ ခမီ၊ မြို (ခမီဆာ) နဲ့ ဝါကုန်း၊ တွီရွင်၊ ခိုင်နက်၊ ခါတက်၊ ပါမနက်၊ လေခခ်၊ အကေလောင် စတဲ့ မျိုးနွယ်စုတွေပါဝင်တဲ့ သမိုင်းဝင်စည်းလုံးညီညွတ်မှုကြေညာချက် ဖြစ်ပေါ်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ ၃၈ နှစ်မြောက် ပြည့်မြောက်မယ်လို့ ဆိုပါတယ်။
