အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မောင်တောခရိုင်အတွင်း လက်နက်ကိုင် လှုပ်ရှားမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်ခံနေရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီဗဟိုရုံးက တာဝန်ရှိသူ မလှမြခိုင်က ပြောကြားလိုက်ပါတယ်။
ဒီလက်နက်ကိုင် လှုပ်ရှားမှုတွေကြောင့် ဒေသခံအရပ်သားတွေ ပြန်ပေးဆွဲ သတ်ဖြတ်ခံရတာ၊ ခရီးသွားပြည်သူတွေ ခြုံခိုတိုက်ခိုက် သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တောတောင်တွေကို မှီခိုလုပ်ကိုင် စားသောက်နေကြတဲ့ ဒေသခံတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသလို ကျွဲ၊ နွား တိရစ္ဆာန်တွေ ခိုးယူခံရတာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
မလှမြခိုင်က ဒီဖြစ်စဉ်တွေဟာ ရက္ခိုင်ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေးသာမက ဒေသတွင်း နေထိုင်သူအားလုံးရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေတဲ့ အခြေအနေတစ်ရပ် ဖြစ်တယ်လို့ ထောက်ပြပါတယ်။
လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပတ်သက်ခြင်း မပြုဘဲ တည်ငြိမ်အေးချမ်းပြီး လူမှုသဟဇာတရှိတဲ့ ဒေသတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ULA၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အာရက္ခတပ်တော် (AA) တို့နဲ့အတူ ပြည်သူတွေက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးညှိနှိုင်းရေးရုံး (HDCO) က ၂၀၂၆ မတ် ၄ ရက်စွဲ ထုတ်ပြန်ချက်မှာ ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၆၂ ဦးသေပြီး ၂၂ ဦးဒဏ်ရာရတယ်လို့ ဆိုထားပါတယ်။
