NewsPolitic

မင်းတုန်းက စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)

မကွေးတိုင်း မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းငယ်တစ်ခုကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၂၃ ရက်မှာ တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်နဲ့ အခိုင်အမာအခြေချဖို့ ပြင်ဆင်နေတဲ့ ဒီစခန်းဟာ မင်းတုန်းမြို့နယ်နဲ့ ရက္ခိုင်ပြည် တလိုင်းတောင် သစ်ထုတ်လမ်းပေါ်က သဖန်ရောင်ကျေးရွာနဲ့ ခြောက်မိုင်ခန့်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။

သဖန်ရောင်နဲ့ ငါးမိုင်ခန့်အကွာက ကံကြိုးကျေးရွာဝန်းကျင်မှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းတုန်းမြို့နယ်အတွင်း ရိုးမတောင်ခြေတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရက္ခိုင်ရိုးမပေါ်က သစ်ထုတ်လမ်းတွေကတစ်ဆင့် ရက္ခိုင်ပြည်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် မြေပြင်မှာ တပ်စခန်းတွေ ဆက်တိုက် လက်လွှတ်နေရတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလအတွင်းကလည်း သဖန်ရောင်နဲ့ ကံကြိုးရွာအနီး တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်း ဆယ်ချီကို AA က သိမ်းဆည်းရမိခဲ့ပါတယ်။

AA က ကျန်ရှိနေသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေပြီး ရက္ခိုင်ပြည်အတွင်းက နယ်မြေအားလုံးကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

မိဘသဘောမတူလို့ မင်ပြားမှာ LGBT စုံတွဲ တံတားပေါ်ခုန်ချ အဆုံးစီရင်

Rakhita Times

သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

Rakhita Times

ကျောက်တော်ဗုံးကြဲခံရမှုတွင် ကလေးအပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉ ဦးရှိ

Rakhita Times

Leave a Comment