NewsPolitic

AA နဲ့ စစ်ကောင်စီကြား တရုတ်ရဲ့ ကြားဝင်မှု ရှိနေ

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခ ဆက်လက် ပြင်းထန်နေတာက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်တာကြောင့် တရုတ်က စစ်ကောင်စီနဲ့ AA နှစ်ဖက်စလုံးကို ဆက်သွယ်ထားပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ဆွေးနွေးရေးလမ်းကြောင်းကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီနဲ့ AA ကြား တရုတ်ရဲ့ ကြားဝင်မှုနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ MNDAA၊ TNLA နဲ့ AA ပါတဲ့ ညီနောက်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား ဟိုင်ဂင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး မြောက်ပိုင်းတိုက်ပွဲတွေ ယာယီ ရပ်တန့်စေခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂၀၂၆ ခုနှစ်မှာ AA နဲ့ အလွတ်သဘော ဆက်နွယ်မှုတွေရှိပြီး စစ်ကောင်စီနဲ့ AA တို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အလွတ်သဘော ဆက်သွယ်မှုတွေ ဖြစ်နိုင်တယ်လို့ International Crisis Group ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒါအပြင် စစ်ကောင်စီဘက်ကလည်း AA နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေးရာမှာ တရုတ်ရဲ့ အကူအညီကို ရဖို့ ကြိုးစားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်သံအမတ်ကြီးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တာတွေ ရှိနေတဲ့အတွက် စစ်ကောင်စီနဲ့ AA ကြားမှာ တရုတ်က ပါဝင်ပတ်သတ်နေတာတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တရုတ်နဲ့ လုံးဝ တရုတ်နဲ့ အင်အားကြီးနိုင်ငံတွေကို ဖယ်ပြီးတော့မှ လုံးဝ စဉ်းစားဖို့ ဥပမာ မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်တို့၊ ဝတို့၊ မိုင်းလားတို့လောက် နယ်မြေချင်း ထိစပ်မှု မရှိပေမယ့် လုံးဝပစ်ပယ်ဖို့ အခန်းကဏ္ဍက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆို သူ့ရဲ့ အကျိုးစီးပွားက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ရှိတယ်။ အဲဒီ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း တရုတ်နိုင်ငံရဲ့ သံအမတ်ပေါ့နော်၊ သံအမတ်ကိုယ်တိုင် မကြာခင်က သွားခဲ့ လာခဲ့တာလည်း ရှိတယ်ပေါ့နော်၊ အထောက်အထားတွေလည်း ရှိတယ်။ နောက်ပြီး စေ့စပ်ညှိနှိုင်းရေး ကိစ္စမှာလည်း တရုတ်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နောက်ပြီးတော့ AA ရော စေ့စပ်ညှိနှိုင်းရေးကိစ္စတွေမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာတွေ ရှိတော့ ဒီအချက်တွေကို ထောက်ကြည့်ခြင်းအားဖြင့် ကျနော်တို့ကတော့ တရုတ်ရဲ့ ကြားဝင်ပတ်သက်မှုနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ပါဝင်ပတ်သတ်မှုကတော့ ရှိနေအုံးမှာပဲ။ ဒါပေမယ့် ဆာဆာကာဝါက ငြိမ်းချမ်းရေးထက်စာရင် သူက ဒေသတွင်းကို ပံ့ပိုးမှုနဲ့ ဖွံ့ဖြိုးမှုကို အဓိကသွားတဲ့ အချက်လို့ပဲ မြင်တယ်။ အဲဒီအချက်ပေါ်မှာပဲ နောက်က ငြိမ်းချမ်းရေးက ကျွဲကူးရေပါ သဘောအနေနဲ့ သူ့အနေနဲ့ ဒီဟာကို ဆောင်ရွက်တဲ့ကိစ္စလို့ မြင်တယ်။ တရုတ်ရဲ့ ဆောင်ရွက်မှုနဲ့ ဆာဆာကာဝါရဲ့ ဆောင်ရွက်မှုက ဒီအချက်ပေါ်မှာ တော်တော်ကွဲပြားတယ် ကျနော်တို့မြင်တာက” လို့ ပြောပါတယ်။

တရုတ်နိုင်ငံက AA အပေါ် သြဇာလွှမ်းမိုးမှု ရှိပေမယ့်လည်း AA ကို အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု လက်ခံဖို့ အပြည့်အဝ အမိန့်ပေးနိုင်တဲ့ အနေအထား မဟုတ်ဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြ ထားကြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် က ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နေတဲ့အတွက် တရုတ်ရဲ့ ကြားဝင်မှုကို လက်ခံရာမှာလည်း သူ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးရည်မှန်းချက်တွေကို ထည့်သွင်းစဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုကြောင့် AA နဲ့ မြန်မာစစ်တပ်ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်သလို ကျောက်ဖြူဒေသရှိ တရုတ်စီးပွားရေးစီမံကိန်းတွေအပေါ် စစ်ရေးအန္တရာယ် လျော့နည်းလာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရက္ခိုင်ပြည်ကို လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့်လည်း တစ်ဖက်မှာတော့ တရုတ်နိုင်ငံက သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်မှာ စိုးရိမ်တာကြောင့် ကြားဝင်စေ့စပ်ညှိနှိုင်းနေတာ ဖြစ်တယ်လို့ ဦးတင်ထူးအောင်က ဆက်ပြောပါတယ်။

“မြန်မာအစိုးရနဲ့ AA နဲ့ကတော့ ကျနော်တို့ မြင်တာကတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံမှုကတော့ ရှိနေတယ်၊ အခုလည်း ရှိနေတယ်ပေါ့နော် တွေ့ဆုံမှုက။ တစ်ဖက် မြေပြင်မှာ လက်ရှိ အရှိတရားကတော့ ကျန်တဲ့နယ်မြေ ၃ မြို့နယ်ကို တော်တော်များများ ၃ မြို့နယ်နဲ့ ထိစပ်တဲ့ ဧရိယာအထိပေါ့နော် နယ်မြေစိုးမိုးမှုတွေ လုပ်နေတယ် ကျနော်တို့ သိရတယ်။ တစ်ဖက်ကလည်း ဒီဟာကို ဗုံးကြဲတာတို့ ဘာတို့ တခြားထိုးစစ်ဆင်တာတို့၊ ဒရုန်းနဲ့ပစ်တာတို့ကအစ လုပ်နေတယ်ပေါ့။ အဲဒီတော့ ဒီအခြေအနေကတော့ AA နဲ့ လက်ရှိ အစိုးရရဲ့ အခြေအနေပေါ့။ တစ်ဖက်မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ညှိနှိုင်းနေတယ်။ တစ်ဖက်မှာတော့ အိန္ဒိယရဲ့ အကျိုးစီးပွား ရှိနေတယ်။ တရုတ်ကတော့ အိန္ဒိယရဲ့ အကျိုးစီးပွားကို စိုးရိမ်နေတာထက်စာရင် ကျနော်ကတော့ သူ့အကျိုးစီးပွားကိုပဲ သူဂရုစိုက်လိမ့်မယ်။ အခုဆို အိန္ဒိယကလည်း ကုလားတန်မြစ်ကြောင်း ထွက်ပေါက်ပေါ့နော်၊ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေအတွက်ပေါ့နော်၊ ဒါအတွက် အိန္ဒိယက ရည်ရွယ်ထားတာ ဖြစ်လိမ့်မယ်။ ကျနော်တို့ကတော့ အဲဒီလို မြင်တယ်ပေါ့နော် AA နဲ့” လို့ ပြောပါတယ်။

တရုတ်က သူ့ရဲ့ အကျိုးစီးပွားကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို AA နဲ့လည်း ဆက်သွယ်မှုတွေကို ဆက်လက်ထားနေတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်ရုံနဲ့လည်း ရခိုင်ပြည်ရဲ့ နိုင်ငံရေးအနာဂတ်၊ အုပ်ချုပ်ရေးပုံစံနဲ့ နယ်မြေထိန်းချုပ်မှုဆိုင်ရာ ပြဿနာတွေကို အလိုအလျောက် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Related posts

ကျောက်နီမော်ကို စကစ ဘာကြောင့်ဗုံးကြဲတာလဲ

Rakhita Times

တော်လှန်ရေးနည်းနာတွေကို ပြောင်းသင့်

Rakhita Times

ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က သံတွဲပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ဆေးကုသပေး

Rakhita Times

Leave a Comment