အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ဝင်ရောက်ငါးဖမ်းတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၄၃ ဦးကို အာရက္ခတပ်တော် (AA) က ဒီကနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ငါးဖမ်းသမားတွေကို ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ကြားက နယ်စပ်ရေပိုင်နက်တစ်နေရာမှာ AA တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်လွှဲပြောင်းခြင်းမပြုမီ ငါးဖမ်းသမားတွေကို နောင်မှာ ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်တာနဲ့ တရားမဝင်ငါးဖမ်းတာတွေ ထပ်မံမပြုလုပ်ဖို့ ခံဝန်ကတိလက်မှတ် ရေးထိုးစေခဲ့ပြီး သူတို့ဘက်ကလည်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။
ဒီလွှဲပြောင်းပေးအပ်မှုဟာ နှစ်ဖက်နယ်စပ်ဆက်ဆံရေး ညှိနှိုင်းဆွေးနွေးမှုတွေ တိုးတက်ကောင်းမွန်စေဖို့၊ နယ်စပ်ရေပိုင်နက်အတွင်း တရားမဝင်လုပ်ဆောင်မှုတွေကို တားဆီးနိုင်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်တာလို့ သိရပါတယ်။
အလားတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေအနက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ၇၃ ဦး၊ မေလ ၃ ရက်မှာ ၁၄ ဦးနဲ့ ဩဂုတ်လ ၁၉ ရက်မှာ ၂၄ ဦးတို့ကိုလည်း နှစ်ဖက်ညှိနှိုင်းမှုနဲ့ BGB နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ထံ အသီးသီး ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
