NewsPolitic

သံတွဲဒေသခံတွေ ပြန်လည်တိမ်းရှောင်နေကြ

အာရက္ခတိုင်းမ်စ် (၂၁ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့မှာ ပြန်လည်နေထိုင်နေကြတဲ့ ဒေသခံတွေဟာ တောရွာဘက်တွေကို ပြန်လည် တိမ်းရှောင်နေကြကြောင်း သိရပါတယ်။

“ အခုက မြို့ထဲမှာ လူတွေ မနေရဲကြဘူး။ ရက်ဆက်သလိုကို စစ်ကောင်စီက ဗုံးလာကြဲတယ်။ မြို့ထဲကို လာလာကြဲတာ။ အဲတော့ အကုန်လုံးက ကြောက်နေကြတယ်။ နောက်ပြီး မြို့ကို လေယာဉ် ၅ စီး နဲ့ လာဖျက်ဆီးမယ်ဆိုတဲ့ ကောလာဟလကလည်း ထွက်နေတော့လေ” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် နဲ့ ၁၉ ရက်က စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး လာရောက် ကြဲသဖြင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိကာ နေအိမ် အများအပြား ပျက်စီးခဲ့ပါတယ်။

“ လာမကြဲခင်နေ့ကဆိုရင် မြို့ပေါ်ကနေ ၃ ကြိမ် ပတ်ပျံသွားတယ်။ နောက်ရက်ကျ လာကြဲတာ။ လူတွေလည်း မျက်တွင်းဟောက်ပက်နဲ့ ဖြစ်နေပြီ။ အိပ်ကောင်းတိုင်း မအိပ်ရဲ၊ စားကောင်းတိုင်း မစားရဲနဲ့ ကျီးလန့်စာစားနဲ့ နေနေကြရတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၂၉ရက် က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Related posts

ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေဟု AA ပြော

Rakhita Times

တိုင်းပြည်တည်ဆောက်နေတဲ့ အဝေးရောက် သဲပွင့်များ

Rakhita Times

လားရှိုးကို ပြန်အပ်စေချင်ရင် ကိုးကန့်အတွက် ထိုက်တန်တဲ့ အပေးအယူရှိဖို့လို

Rakhita Times

Leave a Comment