အာရက္ခတိုင်းမ်စ် (၃၀ ဇွန် ၂၀၂၅)
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး PSLF/TNLA က ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲ နဲ့ ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ဇွန်လ ၂၅ ရက် က တအာင်းပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘွဲနှင်းသဘင်အခမ်းအနားကို PSLF/TNLA ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ (၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံး စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်း အပါအဝင် စုစုပေါင်း လူ ဦးရေ (၆၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“ တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ရာ လက်ရှိ မိမိတို့ လက်ထက်တွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီ ဖြစ်တယ်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမယ့် PSLF/TNLA လူငယ်များအနေနဲ့လည်း ရနံ့မွှေးတဲ့ ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောပါတယ်။
အလားတူ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း “ တအာင်းပြည်တစ်ခုတည်းသာမက မြန်မာပြည်တစ်ခုလုံးပါဝင်တဲ့ တော်လှန်ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင်အလုပ်လုပ်ကြရန်နဲ့ လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်းရေးပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ အလုပ်လုပ်ကြရန် လိုအပ်တယ်” လို့ ဆိုပါတယ်။
နိုင်ငံရေးသိပ္ပံကျောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၃) နှစ်ကြာကာလတွင် ကျောင်းသား (၁၅) ဦး နဲ့ ကျောင်းသူ (၂၀) ဦး စုစုပေါင်း (၃၅) ဦး တတ်ရောက်သင်ကြားခဲ့ပါတယ်။
