EnvironmentNews

မျိုးသုဉ်းလုနီးပါး လိပ်မျိုးစိတ် လိပ်စောင်းလျားကို မြေပုံတွင် တွေ့ရှိ

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၅)

ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အဖြစ်ဆုံး မျိုးစိတ်တခုဖြစ်တဲ့ လိပ်စောင်းလျားကို ရက္ခိုင်ပြည် မြေပုံမြို့နယ် ရှင်တောင်ကျေးရွာ ကမ်းခြေတွင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က (ဇူလိုင် ၁၆) က ငါဖမ်းရင်း ငါးဖမ်းပိုက်ထဲမှာ မိလာတာ၊ ပြန်လည်လွှတ်ပေးလိုက်ပြီ” လို့ မြေပုံမြို့နယ် ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လိပ်စောင်းလျား (Leatherback Turtle) ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ဖြစ်ပြီး သိပ္ပံအမည်မှာ Dermochelys coriacea ဖြစ်ပါတယ်။ လိပ်စောင်းလျားရဲ့ ပုံသဏ္ဌာန်မှာ ကျောခွံတွင် စောင်းလျားသီးပုံ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင် အလျားလိုက် စောင်း ၅ ခု ပါရှိပါတယ်။ ကျောခွံမှာ ထူထည်းပျော့ပျောင်းပြီး အထူးသွေးလည်ပတ်မှုစနစ် ပါရှိပါတယ်။ အရေပြားတွင် အဆီများစွာပါရှိတဲ့ ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် အလွန်အေးသော ရေထဲတွင် ပြုပြင်ပြောင်းလဲ ရှင်သန်နေထိုင်နိုင်ပါတယ်။ ကျောခွံအလျားမှာ ၂ မီတာအထိ ရှည်လျားပြီး ခန္ဓာကိုယ်အလေးချိန်မှာ တစ်တန်အထိ ရှိပါတယ်။ ရှေ့ရေယက်သည် အလွန်ရှည်လျားသန်မာပြီး ရေထဲတွင် ကူးခတ်သွားလာရာတွင် အလွန်လျှင်မြန်ပါတယ်။ အစုံစား (Omnivore) သတ္တဝါဖြစ်ပြီး ရေခူ နဲ့ ပြည်ကြီးငါးများကို အဓိကအားဖြင့် စားသုံးလေ့ရှိပါတယ်။ တစ်ကြိမ်ဥချပါက ဥအလုံးရေ (၆၀) ကနေ (၁၂၀) လုံးအထိရှိပြီး မျိုးသုဥ်းပျောက်ကွယ်လုနီးပါးအဖြစ်ဆုံး မျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။

“လိပ်စောင်းလျားကြီးတွေ ဆိုရင် Jellyfish (ငါးခူ) ဆိုတဲ့ ငါးတွေကို နှိပ်နင်းပေးနိုင်တယ်။ Jellyfish တွေ မျိုးပွားနှုန်း အရမ်း များတယ်။ ဒီကောင်တွေ ပေါက်ဖွားတဲ့ရာသီဆို ကျားပိုက်တွေထဲ ပြည့်နေလို့ ဖွင့်ထုတ်ပစ်ရတယ်။ ဒီကောင် တကောင် က ငါးလေးတွေ သုံးကောင်ပဲစား၊ လူတွေ စားမယ့် ငါးတွေ ဘယ်လောက် ဆုံးရှုံးမလဲ။ အဲဒီတော့ လိပ်စောင်းလျား တွေက ဒီကောင်တွေကို စားတဲ့အခါကျတော့ လူတွေရဲ့ စားနပ်ရိက္ခာကို တဖက်လှည့်နဲ့ ထောက်ပံ့နေ သလိုပဲ” လို့ ငါးလုပ်ငန်းဦးစီးဌာန၊ သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး စခန်း တာဝန်ခံ ဦးဖုန်းမော်က ဧရာဝတီသတင်းဌာနကို ပြောကြားဖူးပါတယ်။

ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် (၇) မျိုးရှိပြီး မြန်မာနိုင်ငံတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရှိနိုင်ပါတယ်။ (၁) လိပ်စောင်းလျား (Leatherback Turtle)၊ (၂) လိပ်ကြက်တူရွေး (Hawksbill Turtle)၊ (၃) လိပ်လှောင်း (Olive Ridley)၊ (၄) ပြင်သာလိပ်(Green Turtle) နဲ့ (၅) လိပ်ခွေး(Loggerhead) တို့ ဖြစ်ပါတယ်။

Photo by Ko Zaw Lin

Related posts

မီဇိုရမ်က စက်သုံးဆီတင်သွင်းခွင့် ၂ လ ပိတ်လို့ ရက္ခိုင်တွင် ဆီပြက်နိုင်

Rakhita Times

နတ်ရေကန်တွင် ပိတ်မိနေတဲ့ စကမ တပ်သားတွေဟာ တောကြက်မနဲ့ တူနေ

Rakhita Times

ဦးထွန်းအောင်ကို ရက္ခိုင့်အမျိုးသားသစ္စာစောင့်သိမှုစံပြဆု ချီးမြှင့်

Rakhita Times

608 comments

Leave a Comment