NewsPolitic

အာရက္ခတစ်ပြည်လုံး သိမ်းပိုက်ရေး စောလျင်စွာဖြစ်ဖို့ လိုလား

အာရက္ခတိုင်းမ်စ် (၁၈ ဩဂုတ် ၂၀၂၅)

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်တစ်ပြည်လုံး သိမ်းပိုက်နိုင်ရေးကို ပြည်သူတစ်ယောက်အနေနဲ့ စောလျင်စွာဖြစ်ဖို့ လိုလားတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်ထဲက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားနိုင်ပြီး ၃ မြို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပါ။

ဒါကြောင့် ရက္ခိုင်တစ်ပြည်လုံးကို သိမ်းပိုက်နိုင်ပါက သီးခြားပြည်တစ်ခုလုံးဟာ အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်မှုအောက်ကိုရောက်သွားပြီး စစ်အာဏာရှင် ကင်းစင်တဲ့နယ်မြေတစ်ခု ဖြစ်သွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရက္ခိုင်ပြည်သူတစ်ယောက်အနေနဲ့ စောလျင်စွာလုပ်နိုင်ရင်တော့ ကောင်းတယ်ပေါ့။ သီးခြားပြည်နယ် တစ်ခုလုံးဟာ ရက္ခိုင့်တပ်တော် အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်မှုအောက်ကို လုံးလုံးရောက်သွားတယ် ဆိုရင် တော်လှန်ရေးကိစ္စဟာ တစ်နည်းအားဖြင့်ပြောရင် စစ်အာဏာရှင်တွေ ကင်းစင်တဲ့ နယ်မြေတစ်ခု ဖြစ်သွားမယ်ပေါ့။ ကျနော်တို့ကတော့ အစောဆုံးဖြစ်စေချင်တယ်ပေါ့။ သို့သော်လည်း စစ်ဆိုတဲ့ဟာမျိုးက ပန်းနဲ့ပေါက်ကြတာမဟုတ်ဘူးလေ။ အသက်တွေ ရင်းပြီးလုပ်ကြရတဲ့အခါမှာ သူတို့ အခက်အခဲတွေတော့ ရှိပါလိမ့်မယ်။ ပြည်သူအနေနဲ့တော့ စောလျင်စွာဖြစ်ဖို့အတွက် လိုလားပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ချမှတ်ထားတဲ့ ပန်းတိုင်ကို အဆုံးထိရောက်အောင် ဆက်လက်ချီတက်သွားဖို့ဖြစ်ကြောင်းလည်း အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို တည်ငြိမ်အောင် ကြိုးစားနေရဆဲဖြစ်တဲ့အတွက် မြို့တွေထပ်သိမ်းဖို့ကိုတော့ အလောတကြီးလုပ်ဆောင်မှာ မဟုတ်ဘူး လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျမကြည့်တာ ဒီလိုဖြစ်မယ်ထင်တယ်။ AA ကအခုရထားတဲ့နေရာတွေတောင် တည်ငြိမ်အောင်၊ ပြည်သူလူထု ဟိုဒင်းပြုအောင် ကြိုစားနေရဆဲဖြစ်တာကို။ ပြန်ပဲ့မပါသွားအောင်တောင် တော်တော် ကြိုးစားနေရသေးတာ ဖြစ်တာကို။ ထပ်သိမ်းဖို့ကိုတော့ သူတို့ လောလောဆယ် စဉ်းစားဦးမှာ မဟုတ်ဘူးထင်တယ်။ သူတို့ဒီလိုပဲ ထားထားဦးမယ် ထင်တယ်။ ထပ်သိမ်းစရာလည်း သိပ်မလိုသေး ဘူးလေ သူတို့တော်တော်များများကို ရထားတာ။ ပြီးရင် ဝိုင်းပြီးလုပ်ရင်လည်း ရနိုင်တဲ့ကိစ္စပဲ။ ရက္ခိုင်တစ်ပြည်လုံးမှာ AA က ရာနှုန်းတော်တော်များများ ရထားပြီး ဖြစ်တာကို။ ဒါကြောင့် သူတို့အလောကြီးမှာ မဟုတ်ဘူးထင်တယ်။ ဖြေးဖြေးချင်းပဲ လုပ်မယ်ထင်တယ် ကြည့်ရတာ” လို့ သူက ပြောပါတယ်။

AA ရဲ့ တ‌ကျော့ပြန်ထိုးစစ် စတင်တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ရက္ခိုင်ပြည်ထဲက မြို့တွေကို စစ်တပ်က လက်ရှိအချိန်အထိ ဖြတ်လေးဖြတ်စနစ် ကျင့်သုံးထားတာကြောင့် ဒေသတွင်းပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိဖြစ်နေကြတာပါ။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်းစစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ဦး သေဆုံးခဲ့ပြီး ၁၉၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင်၉၄၇ ဦးမှာ ဖမ်းဆီးခံထားရ ကြောင်း အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောပါတယ်။

Related posts

ကျောက်ဖြူဒေသခံတွေ ကြေးနန်းနဲ့ ဆက်သွယ်နေရ

Rakhita Times

ကုလားပြင်တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီး၊ ဂွမြို့ဖက် တပ်ဆုတ်သွား

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၄ သြဂုတ် ၂၀၂၅)

Rakhita Times

1 comment

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 at 5:40 ညနေ Reply

Leave a Comment