NewsPolitic

စစ်မှုထမ်းတွေအနေနဲ့ အလံဖြူထောင်၊ လက်နက်ချပြီး အညံ့ခံကြဖို့ AA ပြော

အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ထံမှာ အကြောင်းအမျိုးမျိုးကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ စစ်သင်တန်းပေးပြီး စစ်မှုထမ်းနေကြရတဲ့ ရဲဘော်သစ်တွေအနေနဲ့ အာရက္ခတပ်တော်ထံမှာ စောစော အလံဖြူထောင်၊ လက်နက်ချ၊ အညံ့ခံကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက အတင်းအဓမ္မ စုဆောင်ထားတဲ့ စစ်သားတွေကို စကခ (၁၇) လက်အောက်ခံတပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းတွေနဲ့ပေါင်းပြီး ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာတွေမှာ စစ်ရှုံးလို့ ပေးထားခဲ့ရသော နေရာတွေကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာမကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအတွင်း ဖြစ်ပွားတဲ့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းက အထိနာကာ အထိအခိုက် အကျအဆုံးတွေနဲ့ အကြိမ်ကြိမ် တပ်လန်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက် ခဲယမ်းတွေအပြင် နောက်ထပ် မျက်မြင်ကိုယ်တွေ့ (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း အာရက္ခတပ်တော်က ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအောက်မှာ ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ စစ်သင်တန်းပေးတာကို ခံရပြီး စစ်သင်တန်းဆင်လာတဲ့ ရဲဘော်သစ်တွေအနေနဲ့ စောစီးစွာ အလံဖြူထောင်၊ လက်နက်ချပြီး အညံ့ခံရင် အသက်ချမ်းသာမှာလည်း ဖြစ်ပါတယ်။

လက်နက်ချ၊ အညံ့ခံလိုရင် ဘယ်နေရာဖြစ်ဖြစ် အချိန်မရွေး လာရောက်နိုင်​ပြီး လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေးမှာဖြစ်ပြီး အာရက္ခတပ်တော်ထံမှာ တာဝန်ထမ်းဆောင်လိုတဲ့သူကိုလည်း ကာယကံရှင်ရဲ့ ဆန္ဒကို လိုက်လျောပြီး အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

လက်ရှိမှာလည်း ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာတွေ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာတွေနဲ့ ရိုးတောင်အစပ် နေရာတွေမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဘက်ကနေ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို အရှိန်အဟုန်မြှင့် ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့ အာရက္ခတပ်တော်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ထားပါတယ်။

Related posts

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှုနဲ့ AA ကို စကမ အမှုဖွင့်

Rakhita Times

ငလျင်ကြောင့် မန္တလေးတွင် လူ ၇၀၀ နီးပါး သေဆုံး

Rakhita Times

ထီဖွင့်ရန် ၅ ရက်အလိုကတည်းက ရက္ခိုင်တွင် ထီ (လောင်ဘော်) ရောင်းကုန်နေ

Rakhita Times

23 comments

Leave a Comment