ArticelsLife StylePolitic

မရဏနာရီ (ဒုတိယပိုင်း)

 

အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)

 

ဌေးဝင်း

အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက

“ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”

 

“အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ”

“အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ”

“ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”

 

“ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်”

“အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”

 

“ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”

 

“အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား”

“အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”

 

လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ

 

“အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”

 

“ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ” 

“ ဆိုတော့ ငထောက်တွေက ကျနော်တို့ကို ဖေါလျှောလုပ်ပြီး အိမ်အောက်ကို ဆင်းသွားကြတယ်။ အိမ်ကို ဝိုင်းထားတဲ့ လူထုကလည်း မကြေမနပ်နဲ့ ပေါက်ကွဲနေကြစဉ်မှာ ငထောက်တွေက ထွက်ပြေးကြတော့ လူထုက ဆွမ်းကြီးလောင်းတာ ခံလိုက်ရတာဘဲ ကိုကျော်။ ကျနော်တို့က သတ်ပစ်ဖို့ဆိုတဲ့ အကြံအစည် ရှိတာမဟုတ်ဘူး။ သူတို့ဘာသာသူတို့ ထွက်ပြေးလို့ လူထုက ဝိုင်းသမတာကို ခံလိုက်တာမျိုးပါ။ လူထုက သိသွားချိန်မှာ ကျနော်တို့က ကာပေးသေးတယ်။ မလုပ်ကြပါနဲ့။ ဒီလိုသွေးစွန်းတယ်ဆိုတာ မကောင်းဘူး။ ငါတို့ ဒီပွဲကို အေးအေးဆေးဆေးနဲ့ ဖြစ်ချင်တယ်။ ဆန္ဒပြတာကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ချင်တာ။ ဒီလို မလုပ်ကြပါနဲ့လို့ တားပါသေးတယ်”

“အဲဒီအချိန်ဟာ ဘာနဲ့ သွားငြိနေလဲဆို‌တော့ မင်းပြားကိစ္စနဲ့လည်း သွားငြိနေတယ်။ လူတွေရဲ့ ရင်ဘတ်ထဲမှာ အစာမကြေ ဖြစ်နေကြတာ။ အာဃာတအစိုင်အခဲက အခဲမကြေ ဖြစ်နေကြတာ။ ရက္ခိုင်ပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်တွေက မင်းပြားဘဏ်ကို သိမ်းတာနဲ့ ဆက်စပ်ပြီး မဆလက အသားကုန် နှိပ်ကွပ်ထားလို့ ရက္ခိုင်တွေက အသားကုန် တင်းနေကြတာ။ ဒီဒေါသတွေက ခု ထောက်လှမ်းရေးကို ဝိုင်းမိချိန်မှာ ဝုန်းကနဲ ပေါက်ကွဲသွားတော့ ဒီထောက်လှမ်းရေးလေးကောင်က ဆွမ်းကြီးလောင်းပွဲနဲ့ မိသွားတာပေါ့ဗျာ။ ငထောက်တွေကလည်း လူထုက သူတို့ကို မလုပ်ရဲဘူး ထင်ပုံရတယ်။ ပြီးတော့ သူတို့က တသက်လုံး အနိုင်ကျင့်လာသူတွေဆိုတော့ မာန်တက်တာလည်း ပါမပေါ့။ ပြီးတော့ စစ်တွေဆိုတာ ကျဉ်းကျဉ်းလေးလေ။ ဘယ်ကောင် ဘာ။ ဘယ်သူ ဘာဆိုတာ သိနေကြတာဘဲဟာ။ ထောက်လှမ်းရေးလား ထောက်မလှမ်းရေးလားဆိုတာ လူတိုင်းသိနေကြတာဘဲ”

 

“စစ်တွေလူထုက ဝိုင်းပြီး ဆွမ်းကြီးလောင်းခံလိုက်ရတဲ့သူတွေက ဗိုလ်ကြီးဇော်မြင့်။ တပ်ကြပ်ကြီးသံချောင်း။ တပ်ကြပ်ဌေးဝင်း နဲ့ နောက်တယောက်က ဒုတပ်ကြပ်မိုးကောင်း။ ဒီထဲက တပ်ကြပ်ဌေးဝင်းက မသေဘဲ ရှင်ကျန်ခဲ့တာ။ ဒီကောင်က တရားရုံးမှာ လာအစစ်ခံပေးတာ”

 

“ဒါနဲ့ပတ်သက်ပြီး လူငယ်အယောက်သုံးဆယ်ကျော်ကို တရားခံအဖြစ် စွပ်စွဲတယ်။ ၁၇ ယောက် အဖမ်းခံရတယ်။ အထဲဝင်လာတာက ၁၇ ယောက်ပေါ့။ တရားစွဲတယ်။ စွဲသင့်မစွဲသင့် တဆင့်ပြီးတဆင့် သွားတယ်ပေါ့။ အများစုက စစ်တွေသပိတ်ကော်မတီမှာ တက်တက်ကြွကြွ ပါဝင်တဲ့သူ ထင်ရှားတဲ့သူတွေပေါ့။ ခေါင်းပေါ်တဲ့သူတွေ။ မထင်ရှားသူတချို့လည်း ပါပါတယ်။ ပထမ တရားခံ။ ဒုတိယ တရားခံဆိုပြီး စွပ်စွဲတာပေါ့ဗျာ”

 

“ပထမတရားခံအဖြစ် မိသွားတဲ့ကောင်က စပေါ်သွားတာ။ နာရီကိစ္စ စပေါ်တာ။ သူက ဆက်ဖော်တာ။ စီကိုဖိုက်နာရီ။ အဲဒီကောင်လေးက ဆိုက်ကားသမား။ သူက အဲဒီထောက်လှမ်းရေးဗိုလ်ကြီးရဲ့ လက်ကနာရီကို ဖြုတ်ယူလာတာ။ အသေကောင်လက်ကနာရီကို ဖြုတ်ယူလာတာ။ နာရီက တန်ဘိုးရှိတာကိုး။ ဒီကောင့်ကို တစ်နံပတ် တရားခံအဖြစ် ဆွဲတယ်။ သူ့ပါးစပ်က ဆက်တိုက်ဖော်သွားတယ်လေ”

“ကျနော့်ကိုလည်း ကျနော့်ကို သိနေသူတွေရဲ်ပါးစပ်က ဖော်လိုက်လို့ ပေါ်သွားတာပေါ့။ ကျနော်က လူသိများတော့ ပေါ်တာပေါ့။ အချင်းချင်းပါးစပ်က ဖော်လို့ပေါ်သွားတာပေါ့။ အချင်းချင်းဆိုတာက ဒီအထဲ ပါဝင်ပတ်သက်နေသူတွေက နောက်ပိုင်းလူတွေ။ ပထမပိုင်းပေါ်တာက အရပ်သားတွေ။ သာမန်အရပ်သားတွေကိုခေါ်ပြီး တက်နင်း၊ နှိပ်စက်ပြီးစစ်တော့။ အသကုန်ထုထောင်းတော့ ပေါ်တော့တာပေါ့”

 

“နံပတ်တစ် တရားခံလည်း အဓိက ဇာတ်ကောင်ထဲမှာမပါ။ နှစ် တရားခံလည်း အဓိက ဇာတ်ကောင်ထဲမှာမပါ။ နံပတ် ၄ တရားခံ နံပတ် ၅ တရားခံလောက်ကျမှ ကျနော်တို့ သပိတ်အုပ်စုထဲက ပါလာတာ။ တစ် တရားခံကနေ သုံးထိက သပိတ်အုပ်စုထဲကမဟုတ်။ အဲသလိုလေ။ ထောက်လှမ်းရေးက ရက်ရက်စက်စက် ခေါ်ကြိတ်တော့ မခံနိုင်တဲ့အခါ ဟိုလူ့ကိုဆွဲထည့်။ ဒီလူ့ကိုဆွဲထည့်နဲ့။ ပေါ်သွားတဲ့ သဘော”

“ဒါနဲ့ သိန်းအောင်ကျော်လည်း အဖမ်းခံရရော ဆိုပါတော့။ စစ်ကြောရေးမှာ ဘယ်လောက်ကြာခဲ့လဲ”

 

“စစ်ကြောရေးမှာ ၂ ပတ်ခန့် ကြာတယ် ကိုကျော်။ ကိုကျော် ဝင်ခဲ့ရတဲ့ ထောက်လှမ်းရေး ၁၀ မှာဘဲ။ မသေဘဲ ကျန်ခဲ့တဲ့ ထောက်လှမ်းရေးတကောင်က လာ အစစ်ခံတာ။ ဒါပေမဲ့ သူကလည်း ဘာမှ သေချာ မသိတော့ ဘူး။ မာထတွေက ပွင့်သွားလို့ ခေါင်းကို ငွေပြားတောင် အုပ်ထားရတာ။ မမှတ်မိတော့ဘူး။ အသိမမှန်တော့ဘူးပေါ့။ ကျနော်တို့ကို လာပြီးထွက်ဆိုပေးတုန်းက သူဘာမှ သေချာ မမှတ်မိတာကို တွေ့ရတယ်။ စစ်ကြောရေးပြီးတာနဲ့ စစ်တွေထောင်ထဲကို ပို့လိုက်တာ”

 

“အင်း .. ဒီလိုဆို ကိုယ်မသတ်တဲ့အမှုကို နိုင်ငံရေးလုပ်လို့ နိုင်ငံရေးအရ နှိပ်ကွပ်ပြီး သိန်းအောင်ကျော်တို့ကို ဆွဲထည့်လိုက်တာဘဲ။ ယုတ်မာလိုက်ကြတာကွာ။ ဒီ အာဏာရှင် မဆလ စနစ်ဆိုး ငါတို့ တိုင်းပြည်မှာ တည်တံ့နေသမျှ ပြည်သူလူထုရဲ့ဘဝက ဒုက္ခတွေ သက်ဆိုးရှည်နေဦးမှာပါကွာ”

“ဟုတ်တယ် ကိုကျော်။ ကျနော်တို့က လူငယ်စိတ်ဆိုတော့ မတရားမှုကို ဆန္ဒပြတာ။ ဒီနေရာမှာ သူတို့ပေးတဲ့ဒုက္ခကို နှစ်ပေါင်းများစွာ ခံစားခဲ့ဖူးကြတဲ့ပြည်သူက ဒီထောက်လှမ်းရေးတွေကို ဆုံးမလိုက်ကြတာ။ တကယ်တော့ ကျနော်တို့ က သတ်တာမဟုတ်ဘူး။ ကျနော်တို့က လူသတ်သမား မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က တပါတီ မဆလ အာဏာရှင်စနစ်ဆိုးကို အမြတ်ဖြတ်သတ်ဖို့ ကြိုးစားတဲ့ ပြည်သူ့အ‌ရေးတော်ပုံမှာ ရှေ့တန်းက ပါလာတာဆိုတော့ ခုလိုခံရတာပါ။ ဒါကို ကျနော်က ကဗျာဆန်ဆန် ပေးထားတဲ့ စကားတခွန်းကို ကိုကျော့်ကို ပြောမယ်။ အဲဒါက “မရဏနာရီ” လို့ပေါ့။ သိန်းချီတဲ့ လူကြားထဲ ဖြစ်တဲ့အမှုရဲ့ သဲလွန်စဟာ စီကိုဖိုက်နာရီကို မိရတာက စတယ်မဟုတ်လား”

ဒီထောင်ထဲမှာ ငါတွေ့ကြုံမြင်သိလိုက်ရတာက အာဏာရှင်ဆိုတာ သူ့အာဏာကို ထိပါးသူမှန်သမျှ ကြီးကြီးငယ်ငယ် ဘယ်သူမှ မရွေးဘူး။ သုတ်သင် ရှင်းလင်းတယ် ဆိုတာဘဲ။ သိန်းအောင်ကျော်တို့ လို လူငယ်လူရွယ် ရှစ်ယောက်ကို သေဒဏ်ပေးခဲ့တယ်လေ။ သေဒဏ်စီရင်ခံရသူတွေကတော့ 

၁ – ကိုထွန်းမြိုင် (မကျည်းမြိုင်ရပ်ကွက်)

၂- ကိုထွန်းတင် (မကျည်းမြိုင်ရပ်ကွက်)

၃ – ကိုလှမောင် (မကျည်းမြိုင်ရပ်ကွက်)

၄- ကိုသိန်းအေးချေ (ပလုတ်တောင်ရပ်ကွက်၊ ရဲနွယ်စု)

၅ – ကိုထွန်းလှိုင် (ဘောလုံးကွင်းရပ်ကွက်)

၆ – ကိုမောင်လှဖြူ (လမ်းမတော်တောင်ရပ်ကွက်)

၇- ကိုအောင်မြင့်စိန် (ခေါ်) မောင်ချေ (ရွှေပြားရပ်ကွက်)

၈ – ကိုသိန်းအောင်ကျော် (မောလိပ်ရပ်ကွက်) တို့ပါဘဲ။

Related posts

စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

Rakhita Times

စစ်တွေမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်နေ့ကို ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန် တက်ရောက်

Rakhita Times

ဟော့ပေါ့အိုးထဲက လျှာထုတ်ဂုံး (သို့) ဂုံးယောက်မအကြောင်း

Rakhita Times

Leave a Comment