အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် ပန်ဇင်းချောင်းတံတားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့နယ်စည်ပင်သာယာရေးဌာနက ဇွန်လ ၁၉ ရက်မှာ အပြီးသတ် ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
“ ဇွန်လဆန်းကတည်းက စပြင်ပေးနေတာ၊ မနေ့က ၁၉ ရက်နေ့ကတော့ အားလုံးပြင်လို့ ပြီးသွားပါပြီ။ သွားလာရေး ပိုမို လွယ်ကူသွားတာပေါ့” လို့ ဘူးသီးတောင်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ပန်ဇင်းချောင်းတံတားဟာ ဘူးသီးတောင်မြို့နယ်တွင် ခရီးသွာလာရာ အဓိကကျတဲ့ တံတားတစ်စင်းဖြစ်ပြီးတော့ တံတားဘောင်များ၊ အောက်ခံအခင်းများပျက်စီးနေလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့နယ်စည်ပင်သာယာရေးဌာနက ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့နယ်စည်ပင်သာယာရေးဌာနအနေနဲ့ မောင်တောမြို့နယ်ရှိ မောင်တော-အငူမော်လမ်းက ဥဒေါင်းတံတားနဲ့ ဘူးသီးတောင်မြို့နယ်ရှိ ကျောက်စာတိုင်-ဂူတာပြင်တံတားကိုလည်း ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မောင်တော်ခရိုင်အတွင်းရှိ ကြိမ်ချောင်း-တောင်ပြို၊ ကြိမ်ချောင်း-ဘော်ဒူလာ၊ ဖားဝတ်ချောင်း-အောင်မင်္ဂလာ စတဲ့ လမ်းမတွေပေါ်က ပျက်စီးနေတဲ့ လမ်းပိုင်းတွေကိုလည်း မြို့နယ်စည်ပင်သာယာရေးဌာနက ပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည် မောင်တောမြို့နယ် မောင်တောမြို့နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။
