အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဒိုးတောင်ရွာကို စစ်ကော်မရှင်က မတ်လ ၁၈ ရက်မှာ ဒရုန်း၊ လေကြောင်းနဲ့ နေဗီကနေ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ မနေ့က ၂ ကြိမ်တောင် လာပြီး ဗုံးကြဲတာ၊ ပထမအကြိမ်က နေ့လည် ၁၁ နာရီလောက်မှာ အသေခံဒရုန်းနဲ့ ဗုံး ၃ လုံးချတယ်။ အိမ်အချို့နဲ့ ဝက် ၁ ကောင်သေတယ်။ ညနေ ၆ နာရီကျော်မှာ အသေခံဒရုန်းနဲ့ပဲ နောက်တကြိမ် ထပ်ချတယ်။ ပြီးတော့ ၆ နာရီခွဲလောက်မှာ နေဗီကနေ လက်နက်ကြီး ၃ လုံး ထပ်ပစ်တယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုကြောင့် ဒိုးတောင်ရွာကို စစ်ရှောင်လာနေတဲ့ ကျောက်ဖြူမြို့နယ် ချောင်းမြောင်ရွာက အသက် ၆၀ အရွယ် ဦးတင်ထီးခိုင် ပွဲချင်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကော်မရှင်ရဲ့ ဒရုန်း၊ နေဗီကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဦးမြမောင်ဝင်း၊ ဦးမောင်ဝင်းချေနဲ့ ဦးငညံ့ချေတို့ နေအိမ် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ င/အုပ်ရွာနဲ့ ဝမျှောင်ရွာအနီးရှိ တိုက်ခိုက်ရေးနေဗီ (၁) စီးကနေ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
Photo – APM
