NewsPolitic

စကမ ဗုံးကြဲခဲ့တဲ့ ကြောင်ချောင်းရွာကို သိန်း ၂၀၀ ခန့် ထပ်မံထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၈ ဧပြီ ၂၀၂၆)

၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ပလက်ဝမြို့နယ်အတွင်းရှိ “ ကြောင်ချောင်းကျေးရွာ” ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် ရော့ကတ်နဲ့ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာက အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများမှာ အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊ အသက် ၁၀ နှစ်အရွယ် မောင်နေဆန်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်စံလင်းထွန်း၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်ဆုလင်း၊ အသက် ၃၀ အရွယ် မောင်ရွှေကျော်၊ အသက် ၃၃ နှစ်အရွယ် မောင်သန်းကျော် နဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်လှတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၈ လ အရွယ် မောင်အောင်လှစိန်၊ အသက် ၅ နှစ်အရွယ် မောင်ဆန်းကျော်လျံ၊ အသက် ၁၈ နှစ်အရွယ် မမိဝှေ့ နဲ့ အသက် ၂၉ နှစ်အရွယ် မမနုစိန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

‎အခုလို ကြောင်ချောင်းကျေးရွာက ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးခဲ့တဲ့သူတွေအတွက် အရပ်ဖက်အဖွဲ့နှစ်ခုက ငွေကျပ် ၁၅ သိန်းအပါအဝင် စာရေးဆရာဝေဟင်အောင်က ငွေကျပ် သိန်း ၅၀ နဲ့ ခရစ်ယာန်အသင်း (ဩစတြေးလျ) က ငွေကျပ် တရာ့တဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင် (၁၁,၈၃၅,၀၀၀) ကျပ်နဲ့ စုစုပေါင်း ငွေကျပ် တရာ့ရှစ်ဆယ်သုံးသိန်းသုံးသောင်းငါးထောင် (၁၈,၃၃၅,၀၀၀) ကို ဧပြီလ ၂၃ ရက်မှာ HDCO ဌာနက သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၁၉ ရက်ကလည်း သေဆုံးသူ ၇ ယောက်အတွက် တယောက်ကို ငွေကျပ် သိန်း ၂၀ စီနဲ့ ဒဏ်ရာရသူ တယောက်ကို ငွေကျပ် ၇ သိန်းနဲ့ ၄ ယောက်၊ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ် ၂ လုံးအတွက် ငွေကျပ် ၃၀ သိန်း၊ အလတ်စား ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ နေအိမ် ၃ လုံးအတွက် သိန်း ၃၀ တို့ကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီက ထောက်ပံ့ ကူညီခဲ့ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြတဲ့ ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

ကြောင်ချောင်းကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်ကျော်သာရှိပြီး လူဦးရေ ၂၀၀ ကျော်သာရှိတဲ့ ကျေးရွာလေးတရွာလည်း ဖြစ်ပါတယ်။

Related posts

ပုဏ္ဏားကျွန်း နဲ့ ရသေ့‌တောင်မြို့နယ်ကို စကမ ထပ်မံဗုံးကြဲ

Rakhita Times

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

အာဆာ (ARSA) ကြောင့် မူဆလင်လူမျိုးတွေ အခက်ကြုံနေရ

Rakhita Times

Leave a Comment