အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေကို အနည်းအကျဉ်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအချက်တခုကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက ဒီပြိုင်ပွဲက ဘယ်သူမှ ရုန်းမထွက်နိုင်သလို ဘယ်သူမှလည်း အပြတ်အသတ် နိုင်စရာ မရှိဘူး ဆိုတဲ့အချက်ပါ။
ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ကမ္ဘာပေါ်မှာ အရေးပါဆုံးဖြစ်တဲ့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးကို အန္တရာယ်အရှိဆုံး ဖြစ်မသွားစေဘဲ ဆက်လက် ယှဉ်ပြိုင်နိုင်မလား ဆိုတာပါပဲ။ စစ်ပွဲဆိုတာက ရှောင်လွှဲလို့ မရတာမျိုး မဟုတ်ပါဘူး။
အမေရိကန်နဲ့ တရုတ်တို့က သူတို့ရဲ့ ပြိုင်ဆိုင်မှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်ဆိုရင် အခြေခံအချက်တချို့ကို လုပ်ဆောင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါတွေကတော့ စစ်ရေးအရ ဟန့်တားမှုကို ရန်စတဲ့အဆင့်အဖြစ် မရောက်သွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဘက် ပြိုင်ဆိုင်မှုကို စစ်ရေးအရ ထိပ်တိုက်တွေ့တာမျိုးထက် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလိုမျိုး အဖွဲ့အစည်းတွေနဲ့ အများပြည်သူဆိုင်ရာ အကျိုးပြုလုပ်ငန်းတွေဆီ ဦးတည်သွားဖို့၊ သဘောထားရေးရာ အယူအဆတွေကြောင့် သဘောထားကွဲလွဲမှုတိုင်းဟာ “ သူရှုံးမှ ကိုယ်နိုင်မယ်” ဆိုတဲ့ အစွန်းရောက်တိုက်ပွဲတွေအဖြစ် တင်းမာမသွားအောင် တားဆီးဖို့ဖြစ်ပါတယ်။
ဒါကို ဘယ်လို အကောင်အထည် ဖော်ကြမလဲ။
■ ၁။ အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့
နှစ်နိုင်ငံလုံးဟာ စစ်အင်အားတွေ ဆက်လက် တည်ဆောက်ကြမှာဖြစ်သလို တဖက်နဲ့တဖက်လည်း ချိန်ခွင်လျှာ ညှိနေကြဦးမှာပါပဲ။ အန္တရာယ်က ဘယ်မှာရှိလဲဆိုတော့ ကိုယ့်လုပ်ရပ်ဟာ ရန်လိုမှုကို ဟန့်တားဖို့ လုပ်ရတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေပေမဲ့ တခြားတဖက်ကတော့ ဒါကို ရန်စမှုလို့ အဓိပ္ပာယ်ကောက်လိုက်တဲ့ အချိန်မျိုးမှာပါ။
ထိုင်ဝမ်အရေးမှာ ဒီလိုအန္တရာယ်က ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ။ ဘေကျင်းအတွက်ကတော့ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာဆိုင်ရာ အဓိကကိစ္စဖြစ်သလို နိုင်ငံရဲ့ စိတ်ပိုင်းဖြတ်မှုကို စမ်းသပ်တဲ့အရာလည်း ဖြစ်တယ်။ ဝါရှင်တန်အတွက်ကတော့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးအာမခံသူအဖြစ် အမေရိကန်ရဲ့ ယုံကြည်ကိုးစားမှု၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ အဓမ္မပေါင်းစည်းမှုကို ဟန့်တားနိုင်စွမ်းတို့နဲ့ ဆက်စပ်နေပါတယ်။
နှစ်ဖက်လုံးက လက်ရှိအခြေအနေကို ထိန်းသိမ်းကာကွယ်နေတာပါလို့ ပြောကြတယ်။ နှစ်ဖက်လုံးကလည်း တဖက်လူက ဒါကို ဖျက်ဆီးနေတယ်လို့ ယုံကြည်နေကြတယ်။ ပြီးတော့ နှစ်ဖက်လုံးက အခြေအနေကို ပိုပြီး မတည်မငြိမ်ဖြစ်စေမယ့် ပုံစံမျိုးတွေနဲ့ တုံ့ပြန်နေကြပါတယ်။
အဖြေကတော့ တဖက်ဖက်က တဦးတည်း အလျှော့ပေးလိုက်ဖို့ မဟုတ်ပါဘူး။ အဲဒီအစား ရှင်းလင်းတဲ့ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေနဲ့အတူ နှစ်ဖက်စလုံးက အပြန်အလှန် ထိန်းသိမ်းမှုတွေကို တည်ဆောက်ဖို့ လိုပါတယ်။
ဥပမာအားဖြင့် တရုတ်အနေနဲ့ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်လေယာဉ်တွေ ပျံသန်းတာ၊ ရေတပ်ကင်းလှည့်တာနဲ့ ဒရုန်းတွေ အသုံးပြုတာမျိုးလို ခြိမ်းခြောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ ပမာဏနဲ့ အကြိမ်ရေကို လျှော့ချနိုင်ပါတယ်။ အမေရိကန်ကလည်း ထိုင်ဝမ်ကို ကူညီခြင်းနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံခြင်းကြားက စည်းမျဉ်းကို ဝေဝါးသွားစေမယ့် အဆင့်တွေကို ရှောင်ရှားနိုင်ပါတယ်။
တဘက်နဲ့ တဘက် ယုံကြည်မှု ရှိချင်မှ ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ တည်ငြိမ်မှုအတွက် ယုံကြည်မှုဟာ မရှိမဖြစ် လိုအပ်ချက်တခု မဟုတ်ဘူး။ ရှင်းလင်းပြတ်သားတာနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာကမှ မရှိမဖြစ် လိုအပ်ချက်တွေ ဖြစ်ပါတယ်။
ဒီလိုဖြစ်ဖို့ဆိုရင် စစ်ရေးဟန့်တားမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ့် မူဘောင်တခု လိုအပ်ပါတယ်၊ အဲဒီထဲမှာ မကျော်သင့်တဲ့ ရေပူစည်းတွေကို ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် စဉ်ဆက်မပြတ် ကြိုးစားဖို့၊ နှစ်ဘက် အထင်မှားမှုတွေကို လျှော့ချဖို့နဲ့ ဖြေရှင်းဖို့၊ အပြန်အလှန် အချက်ပြ ပြိုင်ဆိုင်နေတာတွေကနေ ထိပ်တိုက်တွေ့တဲ့အဆင့်အထိ ရောက်မသွားအောင် တားဆီးဖို့တို့ ပါရပါလိမ့်မယ်။
စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဝါရှင်တန်နဲ့ မော်စကိုတို့ဟာ အထိန်းမရှိဘဲ လက်နက်အပြိုင်အဆိုင် တပ်ဆင်တာဟာ ရေရှည်မှာ အရမ်းအန္တရာယ်များတယ်ဆိုတာကို နောက်ဆုံးမှာ သိသွားခဲ့ကြတယ်။ လက်ရှိမှာတော့ ဝါရှင်တန်နဲ့ ဘေကျင်းတို့ဟာ ဒီလောက်အထိ မဟာဗျူဟာမြောက် ရင့်ကျက်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ရောက်ဖို့ လိုပါတယ်။
■ ၂။ ဘေးကင်းတဲ့ နယ်ပယ်တွေမှာ ယှဉ်ပြိုင်ကြဖို့
ပြိုင်ဆိုင်မှုတွေကို စစ်ရေးပဋိပက္ခထက်စာရင် အန္တရာယ်နည်းတဲ့ ပုံစံတွေဆီ လမ်းကြောင်းပြောင်း ဦးတည်ပေးလို့ရပါတယ်။ ဒီလိုလုပ်တာက အကျိုးတောင် ရှိစေနိုင်ပါသေးတယ်။
အခုတောင် ဖြစ်နေတာရှိပါတယ်။ အမေရိကန်ဘက်က ဆိုရင် Quad နဲ့ AUKUS လိုမျိုး၊ တရုတ်ဘက်က ဆိုရင် BRICS နဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) လိုမျိုး ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ မဟာမိတ်တွေကတဆင့် ပြိုင်ဆိုင်နေကြတာမျိုး ဖြစ်ပါတယ်။
နှစ်ဖက်လုံးက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စနစ်တွေရဲ့ စည်းမျဉ်းတွေ၊ အဖွဲ့ဝင်တွေနဲ့ လုပ်ငန်းစဉ်တွေကို သူတို့ရဲ့ ဩဇာအာဏာ တိုးတက်စေဖို့နဲ့ တဖက်လူကို ကန့်သတ်ဖို့အတွက် ပုံဖော်ဖို့ ကြိုးစားနေကြတယ်။
အပေါ်ယံကြည့်ရင် ဒါဟာ စစ်အေးတိုက်ပွဲအသစ်ရဲ့ နောက်ထပ် မျက်နှာစာတခုလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေကြားက ပြိုင်ဆိုင်မှုဟာ ပြိုင်ဆိုင်မှုပုံစံတွေထဲမှာ ပိုစိတ်ချရတဲ့ ပုံစံတခု ဖြစ်နိုင်ပါတယ်။
ပြိုင်ဆိုင်မှုက အဖွဲ့အစည်းတွေကို ငြိမ်သက်မနေဘဲ ပြုပြင်ပြောင်းလဲလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တွေကိုလည်း အားပေးနိုင်ပါတယ်။ နောက်ပြီး တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် အခြေခံအဆောက်အဦ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေ၊ နည်းပညာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဥတုရာသီအရေး လုပ်ဆောင်ချက်တွေလိုမျိုး အများပြည်သူ အကျိုးပြုလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ပြိုင်ဘက်နိုင်ငံတွေကို တွန်းအားပေးနိုင်ပါတယ်။
ဥပမာ အခြေခံအဆောက်အဦ ရန်ပုံငွေကိစ္စမှာ တရုတ်က သူတို့ရဲ့ ရပ်ဝန်းနဲ့လမ်း စီမံကိန်း (BRI) နဲ့ အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) တို့ကို သုံးပြီး ကမ္ဘာအနှံ့ ချဲ့ထွင်ခဲ့တာမျိုးပါ။ ဒါကို အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက်တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်စီမံကိန်းတွေနဲ့ ပြန်တုံ့ပြန်ခဲ့ကြပါတယ်။
သူတို့နှစ်နိုင်ငံကြားက ပြိုင်ဆိုင်မှုကြောင့် အကျိုးဖြစ်ထွန်းခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရွေးချယ်စရာတွေလည်း ပိုများလာခဲ့ပါတယ်။
ဒါကြောင့်လည်း စီးပွားရေးအရ အဆက်အသွယ် လုံးဝဖြတ်တောက်ဖို့ အလျင်စလို လုပ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ရတာပါ။ အကဲဆတ်တဲ့ ကဏ္ဍတချို့မှာ ကန့်သတ်ချက်တွေ ရှိတာကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စီးပွားရေး ဆက်ဆံရေးတွေကို အကြီးအကျယ် ဖြတ်တောက်ဖို့ ကြိုးစားတာဟာ ဆက်ဆံရေးမှာ ကျန်ရှိနေတဲ့ နောက်ဆုံး အထိန်းအကွပ် နည်းနည်းပါးပါးထဲက တခုကို ဖယ်ရှားလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
အမေရိကန်နဲ့ တရုတ်အကြား စီးပွားရေးအရ ဆက်နွှယ်နေသရွေ့တော့ နှစ်ဖက်လုံးက တည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် တွန်းအားရှိနေမှာ ဖြစ်ပါတယ်။
■ ၃။ တင်းမာမှုတွေကို လျှော့ချဖို့
အမေရိကန်နဲ့ တရုတ်ဟာ အကျိုးစီးပွားတွေအတွက်တင် ထိပ်တိုက် တွေ့နေကြတာ မဟုတ်ပါဘူး။ သူတို့မှာ နိုင်ငံရေးနဲ့ သမိုင်းဆိုင်ရာ ရှုထောင့်တွေလည်း အများကြီး ကွဲပြားနေကြပါတယ်။
အမေရိကန် မူဝါဒချမှတ်သူတွေက ဒီပြိုင်ဆိုင်မှုကို အာဏာရှင်စနစ်ရဲ့ ပြောင်းလဲလိုမှုတွေကနေ လစ်ဘရယ်စနစ်ကို ကာကွယ်တာလို့ ပုံဖော်လေ့ရှိပါတယ်။ တရုတ်ခေါင်းဆောင်တွေကတော့ ဒါကို ကန့်သတ်ချုပ်ချယ်မှု၊ အရှက်ခွဲမှုနဲ့ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင် တိုက်ခိုက်တာလို့ မြင်ကြတယ်။
ဒါတွေက သူတို့ရဲ့ ဇာတ်ကြောင်း ပြောဆိုမှုတွေမှာတင် ကွဲပြားတာ မဟုတ်ပါဘူး။ တဖက်က ဘာကို ခြိမ်းခြောက်မှုလို့ မြင်သလဲ၊ ဘာကို လက်ခံနိုင်သလဲ ဒါမှမဟုတ် ဘာကို အလျှော့မပေးနိုင်ဘူးလဲ ဆိုတာတွေကိုပါ ပုံဖော်ပေးနေတာပါ။ ဆက်ဆံရေးဟာ ဘာကြောင့် စိတ်ခံစားမှုအရ၊ နိုင်ငံရေးအရ အရမ်းတင်းမာနေရတာလဲ ဆိုတာကိုလည်း ဒါက ဖော်ပြနေတာ ဖြစ်ပါတယ်။
သဘောထားရေးရာ ပြိုင်ဆိုင်မှုဟာ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့ပုံစံ ဖြစ်နေရင် အစိတ်ချရဆုံးပါပဲ။ ဝါရှင်တန်ရော ဘေကျင်းပါ တဖက်လူကို သူတို့လို တွေးခေါ်လာအောင် ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ သဘောထားရေးရာတွေနဲ့ ပတ်သက်ပြီး ဟောပြောနေရုံနဲ့လည်း ကမ္ဘာကြီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။
ပိုကောင်းတဲ့ မဟာဗျူဟာကတော့ စံနမူနာပြပြီး ယှဉ်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်။
အမေရိကန်အတွက်ဆိုရင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဟာ အရည်အချင်းရှိမှု၊ စည်းလုံးမှုနဲ့ ရေရှည်စီးပွားရေး တက်ကြွမှုတွေကို ပေးစွမ်းနိုင်သေးတယ်ဆိုတာကို ပြသဖို့ပါ။ တရုတ်အတွက်ဆိုရင်တော့ တိုးတက်မှု၊ လူမှုရေး တည်ငြိမ်မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်ကြောင်း စံနမူနာပြ လုပ်ဆောင်ဖို့ပါပဲ။
နှစ်ဖက်လုံးကလည်း သဘောထားရေးရာတွေကို အလွန်အကျွံ လုပ်ဆောင်တာဟာ အန္တရာယ်ရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဝါရှင်တန်က ဒီပြိုင်ဆိုင်မှုကို ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြားက ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲအဖြစ် ပုံဖော်လေလေ ဘေကျင်းကလည်း အလျှော့ပေးမှုကို လက်နက်ချမှုအဖြစ် ပိုမြင်လာလေလေပဲ ဖြစ်ပါလိမ့်မယ်။
အလားတူပဲ ဘေကျင်းက သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဗိုလ်ကျစိုးမိုးမှု ဆန့်ကျင်ရေးဆိုတဲ့ ဇာတ်ကြောင်းနဲ့ ဖုံးကွယ်ဖို့ လုပ်လေလေ ဝါရှင်တန်ကလည်း သူ့ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုတွေကို အားနည်းချက်အဖြစ် မြင်နိုင်ခြေ ပိုများလေလေပါပဲ။
ထိတွေ့ဆက်ဆံမှုဟာ အရေးကြီးနေတုန်းပါပဲ။ အကယ်၍ အမေရိကန်နဲ့ တရုတ်တို့ စကားပြောတာ ရပ်လိုက်မယ်ဆိုရင် ဒီသဘောထားရေးရာ ပြိုင်ဆိုင်မှုဟာ ပိုတင်းမာလာပြီး ပိုအန္တရာယ်များလာမှာ ဖြစ်ပါတယ်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ အကြီးမားဆုံး အန္တရာယ်ကတော့ နှစ်ဖက်လုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှုကို အားနည်းချက်အဖြစ် ရှုမြင်လာတာ၊ အလျှော့ပေးမှုကို လက်နက်ချမှုအဖြစ် ရှုမြင်တာ အတူယှဉ်တွဲနေထိုင်ဖို့ကို မဖြစ်နိုင်တဲ့အရာအဖြစ် ရှုမြင်လာတာပါပဲ။ ဒီလို ဖြစ်လာပြီဆိုရင်တော့ ကပ်ဘေးကြီးတခု ကြုံရဖို့ ပိုသေချာသလောက် ရှိသွားပါပြီ။
လက်တွေ့အကျဆုံး ပန်းတိုင်က မိတ်ဆွေဖြစ်ဖို့ ဒါမှမဟုတ် ပြန်လည်သင့်မြတ်ဖို့ မဟုတ်ပါဘူး။ သူ့ထက် ပိုခက်ခဲပြီး ပိုပြီးတော့ စံနှုန်းမြင့်တဲ့အရာပါ။ အဲဒါကတော့ စစ်ခင်းတဲ့အဆင့်ကို မရောက်စေဘဲ ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။
ရဲမွန်လှ
Asia Times မှာ ဖော်ပြထားတဲ့ Trump and Xi: a path to US-China rivalry without war ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူရင်းသရုပ်ဖော်ပုံ – The Conversation
