NewsPolitic

ခရီးသွားရာတွင် ခွဲခြားဆက်ဆံခံရခြင်းမရှိလို့ သံတွဲဒေသခံ မူဆလင်တွေပြော

အာရက္ခတိုင်းမ်စ် (၂၆ မေ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း ခရီးသွားလာရာတွင် မူဆလင်မို့လို့ ဘာသာခြားမို့လို့ အာရက္ခတပ်တော်ရဲ့ တပ်သားတွေက ခွဲခြားဆက်ဆံခြင်း မရှိဘူးလို့ သံတွဲဒေသခံ မူဆလင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ မနှစ်က ၅ လပိုင်းမှာတခေါက် နောက်ပြီးတော့ သီတင်းကျွတ်ပြီးတော့တခေါက် မြောက်ဦးကို ရောက်တယ်။ အဲအချိန်ထိ ကျနော်တို့တွေမှာ ထောက်ခံစာပါတယ်။ သွားတယ် လာတယ်ဆိုတဲ့ အခြေအနေမှာ အဲလိုမျိုးပြောတယ် ဆိုတယ် ဆိုတဲ့ဟာတွေလည်း မကြုံဖူးဘူး။ မကြုံခဲ့ရသလို အဲမှာရှိတဲ့ အဲဒီဂိတ်တွေက ကလေးတွေ အားလုံးကလည်း လေးလေးစားစားနဲ့ အလေးပြုတဲ့ ကိစ္စကအစ ရှိတယ်။ ကျနော်တို့တွေ ခရီးသွားလာတုန်းကလေ” လို့ သံတွဲမြို့နယ် ဒေသခံမူဆလင်တဦးက ဆိုပါတယ်။

အဆိုပါ စကားကို DVB သတင်းဌာနက ရေးသားတဲ့ “ သံတွဲမြို့က ခရီးသွားလာသည့် မွတ်စလင်များကို AA က တားဆီးစစ်ဆေးနေ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဧပြီလ ၂၆ ရက်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှာ တရားထိုင်ပြီးပြန်လာတဲ့ သံတွဲမြို့က မွတ်စလင် ၁၃ ယောက်ကို မအီမြို့နယ် လမူးမြို့က AA ရဲ့ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ပါတယ်ဆိုတဲ့အပေါ်ကိုလည်း “ ဥပုဒ်စောင့်ဖို့ သွားတဲ့ကိစ္စက သူတို့ သွားတုန်းက ကျောက်နီမော်ကို သွားတာ၊ ရေလမ်းကနေ သွားတာ၊ ရေလမ်းကသွားတော့ ရေလမ်းကအထွက်ပဲ ဒီဘက်က စစ်ဆေးရေးဂိတ်တွေမှာ ရေလမ်းက အထွက်ပဲ သူတို့တွေရဲ့ မှတ်တမ်းမှာရှိတယ်။ အဲဒီ တရားထိုင်အဖွဲ့က ကျောက်နီမော်ကနေ ပြန်လာတဲ့အခါ သူတို့က မအီဖက် လမူးဖက်ကနေ ပြန်လာတယ်။ မအီ လမူးဖက်ကနေ ပြန်လာတော့ အခု ဒီဖက်မှာ ဘာပြဿနာတက်နေလဲဆိုတော့ ထောက်ခံစာ အားနည်းချက်တွေ ရှိတယ်။ ထောက်ခံစာတွေ အတုထုတ်ပြီးတော့ လူကုန်ကူးတဲ့အမှုတွေ နောက်ပြီးတော့ ကုန်ပစ္စည်းတွေ ခိုးပြီးတော့ သယ်ယူနေတဲ့ အမှုတွေ တခြားအမှုတွေ မြောက်များစွာ အများကြီးရှိတယ်။ အထဲမှာ နီးစပ်တဲ့အသိုင်းအဝိုင်းကိုကကို ထောက်ခံစာတွေ အတုလုပ်ပြီးတော့ အဲလိုမျိုး မှောင်ခိုလုပ်နေတဲ့ လူတွေရှိတယ်။ ရှိတယ်ဆိုတဲ့အခါ ထောက်ခံစာပါရုံလောက်နဲ့လည်း တော်ရုံ တန်ရုံဂိတ်က ပေးမလွှတ်ဘဲ သံသယရှိရင် သူတို့က ခေါ်ပြီးတော့ စစ်ဆေးမေးမြန်တဲ့ ကိစ္စတွေ ရှိတာပေါ့။ ကထောက်ကဆ ဖြစ်တဲ့ ကိစ္စကတော့ ဒီဖက်က တရားထိုင်သွားတဲ့အဖွဲ့မှာ လူငယ်တွေလည်း ပါတယ်။ လူကြီးတွေလည်း ပါတယ်။ အဲဒီမှာ ဒီဖက်က ထောက်ခံစာ အပြည့်နဲ့ လာတာပေါ့နော် ကျနော်တို့ ထောက်ခံစာပါရဲ့သားနဲ့ ကျနော်တို့ကို ဘာလို့ စစ်ဆေးတာလဲပေါ့။ အဲဒါမျိုး ဂိတ်မှာ ကတောက်ကဆလေး ဖြစ်တာရှိတယ်။ တရားထိုင်အဖွဲ့က အဲမှာ တညတော့ နေခဲ့ရတယ်။ နောက်နေ့ကတော့လည်း ဒီဖက်က လူကြီးတွေက ပြောဆိုပြီးတော့ ပြန်ပြီးတော့ သွားခေါ်တဲ့အခါတော့ အဆင်ပြေခဲ့ပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာ ရက္ခိုင်ပြည်ရဲ့ မြို့ချင်းဆက်ဂိတ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားအများစုဟာ သင်တန်းပြီးကာစ လူငယ်များဖြစ်ကြပြီး တချို့ဟာ မူဆလင်အသိုင်းအဝိုင်နဲ့ နီးစပ်တဲ့သူပါသလို့ တချို့ဟာ မူဆလင်အသိုင်းအဝိုင်နဲ့ မနီးစပ်သူလည်း ပါနိုင်တာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းအနေနဲ့ ညှိနှိုင်းသွားကြဖို့လိုတယ်လို့လည်း သူက အကြံပြုပါတယ်။

“ အတွေ့အကြုံမရှိတဲ့ ကလေးတွေကျတော့ မုတ်ဆိတ်တွေနဲ့ ဘာနဲ့ သွားလာနေတာမြင်လို့ရှိရင် ကျနော်တို့တောင်ပိုင်းက ကမန်တို့ မြောက်ပိုင်းက ဘင်္ဂလီတို့ မူဆလင်တို့ဆိုတာ သူတို့က ခွဲခြားသိဖို့တော့ မဟုတ်ဘူးလေ၊ ကျနော့်အမြင်ကတော့ အဲလိုပါပဲ။ အဲဒါကြောင့် ဒီဖက်က အသိုင်းအဝိုင်းကိုလည်း ကျနော့်မှာ လက်လှမ်းမှီတဲ့နေရာ ကျနော်တို့ကတော့ ပြောထားတယ်လေ၊ အကိုတို့ ဒီကိစ္စတွေကိုတော့ ဆင်ဆင်ခြင်ခြင် သွားသွားလာလာ လုပ်ဖို့ လိုတယ်။ အသိပေးပြီးတော့ သွားဖို့ လာဖို့လိုတယ်လို့တော့ ကျနော်တို့ကတော့ ပြောတယ်” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

Rakhita Times

စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ AA နှစ်သစ်ဆုတောင်းပေး

Rakhita Times

ဘယ်အဖွဲ့အစည်းမဆို တူညီချက်ရှိရင် မဟာမိတ်စုဖွဲ့မှုလုပ်တာ သဘာာဝပဲ

Rakhita Times

Leave a Comment