NewsPolitic

■ လျှော့မတွက်သင့်တဲ့ မြန်မာစစ်အုပ်စုနဲ့ အိန္ဒိယ ဆက်ဆံရေး

မေလကုန်ပိုင်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ တချို့သူတွေအတွက် အံ့သြစရာ ဖြစ်သွားပါတယ်။ သူသမ္မတဖြစ်ရင် တရုတ်ဆီ အရင်ဦးလှည့်မယ်လို့ ထင်ထားကြတာကိုး။ တရုတ်ဆိုတာကလည်း စစ်အုပ်စုကို အာဏာသိမ်းပြီး နောက်ပိုင်းမှာ အားတက်သရော ကူညီပံ့ပိုးနေတဲ့ နိုင်ငံပဲလေ။

နယူးဒေလီအတွက်ကတော့ ဧပြီလကမှ စစ်ယူနီဖောင်းချွတ်ပြီး သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ကာလရှည်ကြာ ကျင့်သုံးလာခဲ့တဲ့ သူတို့ရဲ့ “ လက်တွေ့ကျကျ ချဉ်းကပ်မှု” အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ နယူးဒေလီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနဲ့  လမ်းကြောင်းအမျိုးမျိုးကနေ ဆက်ဆံရေးတွေမှာ သတိထားပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဒေလီခရီးစဉ်ဟာ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို အလိုအလျောက် အသိအမှတ်ပြုလိုက်သလို ဖြစ်စေခဲ့ပြီမို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာလည်း အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲမှာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။ စစ်တပ်က သူ့အာဏာ ဆက်လက်တည်မြဲဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်လို့ ဒီရွေးကောက်ပွဲဟာ ချို့ယွင်းချက်တွေ အများအပြားရှိတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အာဏာရလာတဲ့ ကြံ့ခိုင်ရေးအစိုးရသစ်ဟာလည်း သံတမန်ရေးအရ ဖယ်ထုတ်ခံထားရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေဆီမှာပါ။

ဒါကြောင့်ပဲ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ လျှော့တွက်လို့မရတဲ့ အဆင့်ကို ရောက်လာတာပါ။

လူအများဝေဖန်နေတဲ့ ခေါင်းဆောင်တစ်ယောက်ကို နယူးဒေလီက လူသိရှင်ကြား ချဉ်းကပ်တွေ့ဆုံတဲ့ အချိန်ဟာ အိန္ဒိယအဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး အဖုအထစ် ရှိနေချိန်၊ နယူးဒေလီက အစဉ်အဆက် လွှမ်းမိုးခဲ့တဲ့ သြဇာနေရာကို တရုတ်တို့က စည်းကျော်ဝင်ရောက်လာချိန် တွေနဲ့လည်း အချိန်ကိုက် ဖြစ်နေပါတယ်။

ဒီအခင်းအကျင်းမှာ အသိသာဆုံး ဥပမာကတော့ ဘင်္ဂလားဒေ့ရှ်ပါပဲ။ ဟိမဝန္တာတောင်တန်းတွေကနေ စီးဆင်းလာတဲ့ တီစတာမြစ်ဟာ အိန္ဒိယပိုက်နက် နေရာတွေကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ထဲကို စီးဝင်ပါတယ်။ ဒီမြစ် ပြန်လည်ထိန်းသိမ်းရေး စီမံကိန်းမှာ တရုတ် ပါဝင်ပတ်သက်မှုကို နယူးဒေလီက ကာလရှည်ကြာ ကန့်ကွက်လာခဲ့ပေမဲ့လည်း ဒါကာဘက်တော့ အဲဒီစီမံကိန်းအတွက် တရုတ်ထံကနေ အကူအညီတောင်းဖို့ ကြိုးပမ်းမှုတွေ လုပ်နေပါတယ်။ ဒါဟာ  အိန္ဒိယ-တရုတ် ပထဝီနိုင်ငံရေး အားပြိုင်မှုမှာ မဟာဗျူဟာမြောက် ပြတ်ပြတ်သားသား အပြောင်းအလဲကို ပြနေတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ နီပေါနိုင်ငံနဲ့လည်း ပြီးခဲ့တဲ့ မတ်လ အထွေထွေရွေးကောက်ပွဲအပြီး အစိုးရသစ် အာဏာရလာကတည်းက တင်းမာမှုတွေ တောက်လျှောက် ရှိနေတာပါ။ ဝန်ကြီးချုပ် ဘာလန်ဒရာရှာက အိန္ဒိယ-နီပေါ နယ်စပ်တင်းမာမှုတွေကို ဖြေရှင်းဖို့အတွက် ကြားဝင်စေ့စပ်ပေးဖို့ တရုတ်နိုင်ငံကို မကြာသေးခင်က တောင်းဆိုခဲ့တဲ့ အငြင်းပွားဖွယ် စကားတွေဟာ နယူးဒေလီအနေနဲ့ ခတ္တမန္ဒူမှာ ဘေကျင်းကို နေရာပေးလိုက်ရပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေဟာ ဒေသတစ်ခွင်လုံးမှာ အိန္ဒိယဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်တက်လာနေတဲ့ နောက်ခံ အခြေအနေနဲ့အတူ ဖြစ်ပျက်နေတာပါ။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ “ အိမ်နီးနားချင်း ပထမ” မူဝါဒမှာ အဓိကကျတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နယူးဒေလီဟာ နေပြည်တော်မှာ သြဇာ ဆက်ရှိနေဖို့ သိသိသာသာ လိုလားပါတယ်။ စစ်ကောင်စီ သို့မဟုတ် အဲဒီနောက်ပိုင်း တက်လာတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနဲ့ တရားဝင် ဆက်ဆံရမယ်ဆိုရင်တောင် ဒီအတိုင်း ဆက်လုပ်မယ့် ပုံစံရှိပါတယ်။

အိန္ဒိယဟာ မြန်မာဆီကနေ အရေးပါတဲ့ သဘာဝသယံဇာတတွေနဲ့ မြေရှားသတ္တုတွေ လိုချင်ပါတယ်။ တစ်ဘက်မှာကျတော့ မြန်မာဟာလည်း တရုတ်အပေါ် မှီခိုရမှုကို လျှော့လို့ရသလောက် လျှော့ချချင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလအတွင်း တရုတ်နိုင်ငံကို မြေရှားသတ္တု တင်ပို့မှုဟာ ငါးဆအထိ မြင့်တက်ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတ်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြေရှားသတ္တု တင်သွင်းမှုရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မြန်မာကဖြစ်ပြီး ဒီထဲက အများစုဟာလည်း အကြီးစား မြေရှားဒြပ်စင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အရေးပါတဲ့ သယံဇာတတွေကို အိန္ဒိယနဲ့ ကုန်သွယ်ခြင်းက မြန်မာနိုင်ငံအတွက် တရုတ်အပေါ် မှီခိုနေရမှုအချို့ကို လျှော့ချဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒီသယံဇာတကိစ္စဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကြား ဆွေးနွေးမှုတွေမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

နှစ်ဖက်လုံးဟာ ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုစနစ် ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ စီးပွားရေး ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေလိမ့်မယ်လို့ ယူဆရပါတယ်။

ဒီတွေ့ဆုံမှုမှာ ထူးခြားတဲ့ ရလဒ်နောက်တစ်ခုကတော့ မြန်မာနိုင်ငံတွင်း လုံခြုံရေး အခြေအနေကြောင့် ရပ်တန့်နေခဲ့တဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ အိန္ဒိယ-ထိုင်း-မြန်မာ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အကြောင်း ဆွေးနွေးမှုတွေပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကိုသာ အောင်မြင်စွာ ပြန်လည်စတင်နိုင်မယ်ဆိုရင် အိန္ဒိယနဲ့ မြန်မာကြား လမ်းပန်းဆက်သွယ်ရေးကို သိသိသာသာ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာဟာ ရေရှည်တည်တံ့တဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အခြေခံအဆောက်အဦ၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ လူမှုစီးပွားဘဝ စတဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နေကြတာပါ။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မိမိရဲ့ ပထဝီနိုင်ငံရေးနယ်ပယ် ကျဉ်းမြောင်းသွားမှာကို စိုးရိမ်တဲ့အတွက် အိန္ဒိယဟာ ဒီဆက်ဆံရေးကို သတိထားစောင့်ကြည့်နေပါတယ်။

ဒီတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ နယူးဒေလီရဲ့ အိမ်နီးနားချင်းမူဝါဒအတွက် အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ချင်စရာ ရှိပါတယ်။ ဒါပေမဲ့လည်း သိပ်တော့လည်း အကောင်းမြင်လို့ မရတဲ့ အကြောင်းရင်းတွေ ရှိနေပြန်ပါတယ်။

အနောက်နိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အထိုင်ကကြည့်ပြီး မြန်မာနိုင်ငံအပေါ် ဘက်စုံပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင်လည်း ဒီနိုင်ငံကို ဝိုင်းပယ်ထားဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ဆက်တိုက် ဖိအားပေးနေတာပါ။ အိန္ဒိယရဲ့ နိုင်ငံရေးရပ်တည်ချက်ဟာလည်း ပုံမှန်အားဖြင့် အနောက်အုပ်စုဘက်ကို ယိမ်းတဲ့သဘော ရှိပါတယ်။

ဒေလီအနေနဲ့ နယ်စပ်လုံခြုံရေးအတွက် နေပြည်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို တဖက်မှာလည်း သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေရဲ့ ရပ်တည်ချက်ကို လုံးလုံးလျားလျား ဥပေက္ခာပြုလို့ မရပါဘူး။ ရလဒ်အနေနဲ့ကတော့ အိန္ဒိယနဲ့ မြန်မာအကြားက ဆက်ဆံရေးဟာ တသမတ်တည်း ရှိမနေတော့ဘဲ အခြေအနေအရ လိုအပ်သလို နီးလိုက် ဝေးလိုက် ဖြစ်နေပါတယ်။

မင်းအောင်လှိုင်နဲ့ မိုဒီတို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နယ်စပ်ပြဿနာတွေကို ဆွေးနွေးနေကြစဉ်မှာတင် အိန္ဒိယနဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါဟာ မတည်ငြိမ်တဲ့ လုံခြုံရေး အခြေအနေတွေက ကျယ်ပြန့်တဲ့ သံတမန်ရေးရာ အားထုတ်မှုတွေကို ဘယ်လောက်အထိ နှောင့်ယှက်နေသလဲ ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

နယူးဒေလီအနေနဲ့ ပြည်တွင်း နိုင်ငံရေးအရ ပြန်လည်ရိုက်ခတ်မှုတွေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်က စိတ်မသက်မသာဖြစ်စရာ အမြင်တွေကနေ ထွက်ပေါ်လာမယ့် စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရမှာပါ။ မြန်မာ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးကို အသံကျယ်ကျယ်နဲ့ ထောက်ခံခဲ့ဖူးတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက အခုလို စစ်ကောင်စီ အကြီးအကဲဟောင်းကို ကော်ဇောနီခင်း ကြိုဆိုခဲ့တာဟာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်တွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ မင်းအောင်လှိုင်ရဲ့ ဒေလီခရီးစဉ်အပေါ် သူတို့ရဲ့ ကန့်ကွက်မှုကို အတိအလင်း ဖော်ပြခဲ့ကြပါတယ်။ ခရီးစဉ်မတိုင်ခင် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတစ်ခုကိုတော့ ဒေလီရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် အိမ်နီးချင်းတွေနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်ကို အင်စတီကျူးရှင်းပိုင်းအရ တရားဝင်မှု ပေးလိုက်ခြင်းအားဖြင့် နယူးဒေလီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လိုမျိုး အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ဆက်ဆံရေး ပြတ်တောက်သွားမယ့် အန္တရာယ် ရှိပါတယ်။ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာထံ စာရေးပြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာက ဒီမိုကရေစီပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် အခြား ဆက်စပ်သူတွေပါ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်က ဒီအဖွဲ့အစည်းတွေကို ဘေးဖယ်သလို ဖြစ်သွားစေမယ် ဆိုရင်  နယူးဒေလီဟာ သူ့ရဲ့ အိမ်နီးနားချင်းတွေနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ဆိုတဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကို ကိုယ်တိုင် ပြန်ဖျက်ဆီးမိမယ့် အန္တရာယ် ရှိနေပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေက ပြည်သူတွေကြားထဲမှာ အိန္ဒိယဆန့်ကျင်ရေး စိတ်ဓာတ်တွေကို မီးလောင်ရာလေပင် လုပ်သလိုလည်း ဖြစ်သွားပါလိမ့်မယ်။

■ ရာဗီချန်ဒရာကူးမား

ရည်ညွှန်း

– How Myanmar Fits Into India’s Troubled Neighborhood Policy By Rushali Saha, THE DIPLOMAT

– Myanmar leader’s visit to India: Shared interests cannot mask divides, rifts By Xiang Jie and Ye Weijie, MEKONE NEWS NETWORK

ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ – Getty Images

Related posts

Breaking News

Rakhita Times

မာန်အောင်မှာ AFP နဲ့ RNP တို့ မဲအသာစီးရနေတယ်လို့ ဒေသခံ‌တွေဆို

Rakhita Times

ပလက်ဝ တိုက်ပွဲရှောင် လေးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

Rakhita Times

Leave a Comment