အာရက္ခတိုင်းမ်စ် (၁၁ ဩဂုတ် ၂၀၂၆)
ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါဟာ အယောင်ဆောင် သမ္မတ ဦးမင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တာက ရေဘေးနဲ့ ငလျင်ဘေးအတွက် ကူညီပေးရေးထက် အာရက္ခတပ်တော် AA ကို ကြားဝင်စေ့စပ်ပေးရေး ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ်ခံ အဆောက်အဦဆောက်လုပ်ရေး ပညာရပ်တွေ ကူညီပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
“သူ့ကို AA အတွက် ဆွေးနွေးဖို့နဲ့ တူတယ်။ သူက AA နဲ့ အဆက်အသွယ်ရှိတာကို ဟိုတုန်းကတည်းက အဲဒါနဲ့ တူတယ်။ သူ့ AA နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ကြိုးစားနေတယ်နဲ့ တူတယ် ကြည့်ရတာလေ။ ရောက်တဲ့နေရာမှာ ရပ်ပြီးတော့ AA နဲ့ အလဲအလှယ် ဖလှယ်တာတွေ လုပ်ချင်တယ် ထင်တယ်။ တချို့ဒေသလေးတွေကို AA ကို အပြတ် ဟိုဒင်းတို့ MNDAA တို့၊ တအာင်းတို့ကို လုပ်သလိုပေါ့ မြို့ကလေး ၃၊ ၄ မြို့လောက် ပေးပြီးတော့ သူတို့က ကျန်တာကို ဆက်မတိုက်ဘူး။ ဒါမျိုးတွေ လုပ်ဖို့နဲ့ တူတယ် ကြည့်ရတာ၊ အပစ်အခတ် ရပ်စဲရေးတွေ ဘာတွေ” လို့ သူက ပြောပါတယ်။
ယိုဟေး ဆာဆာကာဝါ ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်လာသူဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်အစိုးရက သူ့ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက မြန်မာအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ကြားဝင်ဆက်သွယ်ပေးခဲ့သူ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းတဲ့ကာလမှာလည်း ဆာဆာကာဝါဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ရေးမှာ ပါဝင်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမှာ ဆာဆာကာဝါဟာ ဂျပန်အစိုးရရဲ့ ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးမင်းအောင်လှိုင် တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီကာလမှာ ရက္ခိုင်ပြည်က တိုက်ပွဲတွေကြောင့် မဲပေးခွင့်မရခဲ့တဲ့ ဒေသတချို့မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးအတွက် စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား ဆက်သွယ်ညှိနှိုင်းမှုတွေမှာလည်း ဆာဆာကာဝါ ပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာလည်း ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို ဆက်လက်လာ ရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေမှာ ရက္ခိုင်ပြည်က စစ်ဘေးရှောင် ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းက လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့ပါတယ်။
အရေးပါတဲ့ ကြားဝင်ညှိနှိုင်းမှုတစ်ခုကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှု ရရှိရေး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်ဖက်နဲ့ ဆက်သွယ်ညှိနှိုင်းခဲ့သလို တိုက်ပွဲတွေကြောင့် ပိတ်ဆို့နေတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာလည်း ဆာဆာကာဝါဟာ ရက္ခိုင်ပြည်ကို သွားရောက်ပြီး မြောက်ဦးက စစ်ဘေးရှောင် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို စောင်၊ ကျောင်းနဲ့ ဆေးခန်းဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။
AA အနေနဲ့ အခက်အခဲမရှိပါက အပစ်ရပ်ရေးဆွေးနွေးဖို့ လက်ခံမှာမဟုတ်ကြောင်း၊ နိုင်ငံတကာ ဖိအားတွေ ရှိလာရင်တော့ ဆွေးနွေးလာနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျမကြည့်တယ် သူတို့ သိပ်အခက်အခဲ မရှိရင်တော့ လက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်စုံတစ်ရာ ခက်ခဲတယ်၊ အကျပ်အတည်းရှိရင်၊ နောက်တစ်ခု နိုင်ငံတကာဖိအားတွေပေါ့နော် သူတို့ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကပ်နေတော့ အဲဒီဖိအားတွေ ဘာတွေနဲ့ဆိုရင်တော့ ဆွေးနွေးမလား မသိဘူး” လို့ သူက ပြောပါတယ်။
နိပွန်ဖောင်ဒေးရှင်းရဲ့ မှတ်တမ်းအရ ၂၀၁၂ ခုနှစ်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှု ၁၀၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
