HealthNewsPolitic

ဆေးကုသမှု လိုအပ်သူတွေကို စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်း ကူညီပေးနေ

အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ်လ ၂၀၂၆)

ဆေးကုသမှု လိုအပ်သူတွေကို အလှူရှင်များရဲ့‌ ထောက်ပံ့မှုနဲ့ ကူညီပေးလျက် ရှိတယ်လို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

စည်းလုံးမှုအင်အားရခိုင်လူငယ်များ ပရဟိတအသင်းကို ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်တွေကို ကူညီရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ကာ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ အိုမန်၊ တရုတ် စတဲ့ နိုင်ငံတွေမှာ online ကတဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အသင်း စတည်ထောင်ချိန်ကစပြီး ငွေကြေး မတတ်နိုင်သူတွေနဲ့ စစ်ဘေးရှောင်တွေထဲကမှ ဆေးကုသမှု လိုအပ်နေသူတွေကို ဆေးကုသမှု ပေးခဲ့ပြီး လက်ရှိအချိန်ထိ လူနာ ၁၃ ဦး ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကုသမှု ပေးခဲ့တဲ့ လူနာတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ accident လူနာတွေအပြင် မျက်စိနဲ့ နှလုံးခွဲစိတ်မှု ခံယူရတဲ့ အရေးပေါ် လူနာတွေလည်း ပါဝင်ပြီး လိုအပ်ပါက ပြည်ပနိုင်ငံများအထိပါ သွားရောက် ဆေးကုသပေးခဲ့တယ်လို့ အသင်းရဲ့ အထွေထွေတာဝန်ခံ ဦးစောနိုင်က ပြောပါတယ်။

“အရေးကြီးဆုံး လူနာလို့ ပြောရမယ်ဆိုရင် တောင်ကုတ်မြို့နယ်က ညီလေးတစ်‌ယောက်။ အသည်းအသန် နှလုံးသွေးကြောကျဉ်းပြီးတော့ ထိုင်းနိုင်ငံမှာ ကုသလို့မရလို့ ရန်ကုန်မှာချပြီး ဆေးကုသပေးထားတာ ရှိတယ်။ ရက္ခိုင်မှာဆိုလည်း စစ်ဘေးရှောင်ထဲကမှ ပရဟိတ ဆရာ‌ ဝေဟင်အောင်ကနေပြီး ကျနော်တို့ကို လာရောက် အကူညီတောင်းထားတဲ့ ကလေးတစ်ယောက်။ အဲ့ကလေးက ဆိုလို့ရှိရင် တစ်နှစ်တည်းက မစင်မစွန့်နိုင်လို့ ဗိုက်ခွဲပြီး အူကို ထုတ်ထားရတာ။ အခုငါးနှစ်ရှိပြီ။ အူတွေကို ဗိုက်ထဲသွင်းပြီး ပုံမှန်အတိုင်း လည်ပတ်အောင်ဆိုပြီး အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ဆေးကုသချင်တယ်ဆိုပြီး လာရောက် အကူညီတောင်းထားတာ ရှိတယ်။ အဲ့ဒါကို အောင်အောင်မြင်မြင်ဖြစ်အောင် ကျနော်တို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များပရဟိတအသင်းကနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ဆေးကုသပေးထားတာ ရှိပါတယ်။ အကုန်လုံးက အောင်‌မြင်တဲ့ လူနာတွေပါပဲ။ ထိခိုက်ကျရှုံးတဲ့ လူနာတွေ မတွေ့ဖူးသေးပါဘူးခင်ဗျ” လို့ အထွေထွေတာဝန်ခံ ဦးစောနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေ‌ရေး၊ ကျန်းမာရေးအတွက်လည်း စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်း အပါအဝင် အသင်း ၁၂ သင်းဟာ HDCO နဲ့ ချိတ်ဆက်ပြီး လစဉ် လှူဒါန်းပေးလျက် ရှိတယ်လို့ သိရပါတယ်။

Related posts

ပလက်ဝတွင် ရွာချင်းဆက် လူကူးတံတားတစင်း HDCO ဆောက်လုပ်ပေး

Rakhita Times

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ပထမပိုင်း)

Rakhita Times

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့နိုင်ငံရေးလည်ပြန် (၂)

Rakhita Times

Leave a Comment