အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် ဇူလိုင်လ ၅ ရက် ညနေ ၆ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်လို့ နေအိမ် ၄၅ လုံးခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ သံတွဲမြို့ပေါ်တော့မဟုတ်ဘူး။ ပိန်းတော်ကြီးရွာမှာ ဖြစ်သွားတာ၊ လောလောဆယ် သိတာတော့ အိမ် ၄၅ လုံးလောက် အမိုးလန် ပျက်စီးသွားတယ်လို့တော့ သိထားတယ်။ အတိအကျတော့ ညဖက်ဆိုတော့ သေချာ မသိသေးဘူး” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဇူလိုင် ၅ ရက်ကစတင်ပြီး ကာလတို၊ ကာလလတ်ကို Meteoblue ICON Model အရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရေချိန်ပမာဏ အရောင်ရင့် ပြောင်းလဲလာလို့ မိုးကြီးရေလျှံမှုအန္တရာယ်ကို သတိထားရမယ်လို့ သိရပါတယ်။
အလားတူ မြေပြိုဘေးအန္တရာယ် အနေနဲ့ ချင်းပြည်နယ်၊ ရက္ခိုင်င်ရိုးမတောင်တန်းနဲ့ တနင်္သာရီတောင်တန်းဒေသများတွင် မိုးရေချိန် စုစုပေါင်း များပြားလာခြင်းကြောင့် တောင်စောင်းမြေသားများ တည်ငြိမ်မှု ပျက်ပြားကာ မြေပြိုခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။
