အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)
တိုက်ပွဲကြားက စစ်ရှောင်ကလေးငယ်တွေနဲ့ ငွေကြေး မပြည့်စုံတဲ့ ကလေးငယ်တွေကို ဦးစားပေးပြီး ပညာသင်ပေးနေတယ်လို့ လေးဝတီမျိုးသျှစ်လူငယ်ပညာရေးဖောင်ဒေးရှင်းက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အခုလို ပညာသင်ကြားပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ တိုက်ပွဲတွေကြားမှာ အသက်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ ကလေးငယ်တွေနဲ့ငွေကြေး မပြည့်စုံတဲ့ မိသားစုတွေရဲ့ ကလေးငယ်တွေကို ပညာရေး တပိုင်းတစ မဖြစ်စေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။
“ ဒီနှစ်ကကျတော့ Grade 8 တစ်တန်းကို တိုးပြီး ခေါ်လိုက်တာပေါ့နော်။ အဓိက အခု နောက်ပိုင်း စစ်ဘေးရှောင်တဲ့ဟာတွေမှာ ပညာလေး တပိုင်းတစနဲ့ ကျောင်းမတက်ဖြစ်တော့ဘူး။ မိသားစုအတွက် ရုန်းကန်ရတဲ့ ဘဝတွေ ရောက်သွားတယ် အဲ့လိုမျိုး။ စားရေး သောက်ရေးပါ ဒုက္ခ ရောက်သွားတယ်။ အဲ့ဒီလိုမျိုးဟာတွေ ရှိတယ်။ အဲ့ဒီထဲကမှ လေးဝတီမျိုးသျှစ်လူငယ်ဖောင်ဒေးရှင်းကနေပြီး တတ်နိုင်သလောက်ကို အတန်းတပိုင်းတစနဲ့ လူတွေကို ပညာရေး မဆုံးရှုံးရအောင်အတွက် အခုလို ခေါ်ပြီး ပညာသင်ရတာ ဖြစ်ပါတယ်။ ရက္ခိုင်တပြည်လုံးက ဒုက္ခတွေနဲ့ ကြုံနေရတဲ့အချိန်မှာ အနာဂတ် မျိုးဆက်လူငယ်တွေရဲ့ ပညာလမ်းစတွေ မပျောက်သွားစေဖို့ အဓိက ရည်ရွယ်ပါတယ်။ သူတို့ရဲ့ မျှော်မှန်းချက်တွေ အနာဂတ်တွေ မပျောက်သွားစေဖို့ အခုလို ပညာ သင်ကြားပေးတာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထပ် တိုးမြှင့် လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ တာဝန်ခံ ကိုကျော်ဆန်းဝင်းက အာရက္ခတိုင်းမ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် တနေရာမှာ ပညာ သင်ကြားပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ KG ကနေ Grade 7 အထိ ကျောင်းသားဦးရေ စုစုပေါင်း ၉၆ ယောက်ကို ပညာ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ယခုနှစ် ဇူလိုင်လ ၁ ရက်မှာတော့ KG ကနေ Grade 8 အထိ ကျောင်းသားဦးရေ စုစုပေါင်း ၁၀၀ အထိ ပညာ သင်ကြားပေးလျက် ရှိတယ်လို့ သိရပါတယ်။
