ရင်ငြိမ်းမြို့
ချစ်သော စောပြည့်ညို…အချစ်ဆိုတာ ဘာတဲ့လဲ….။
လမိုက်ည ကောင်းကင်ယံမှာ မြောက်အရပ်ကို ညွှန်ပြနေတတ်တဲ့ ဓူဝံကြယ်လား။ စကြဝဠာရဲ့ အလင်းနှစ် သီအိုရီမှာ ကိုယ်တို့ မြင်နေရတဲ့ ကြယ်တွေရဲ့အလင်းရောင်က အစစ်အမှန် မဟုတ်ဘူးတဲ့။ လွန်ခဲ့တဲ့ အလင်းနှစ်သန်းပေါင်းများစွာက ကြယ်တွေရဲ့ အလင်းရောင်ကို ကိုယ်တို့ မြင်နေကြရတာတဲ့လေ။ အချစ်ဆိုတာ ကြယ်တွေကို မြင်နေရပေမယ့် ပုံရိပ်ယောင်တွေပဲလို့ သိနေသလိုမျိုးလား စောပြည့်ညိုရယ်။
အတိတ်ဟာ မြောက်အရပ်ကို ညွှန်ပြနေတတ်တဲ့ ဓူဝံကြယ်လိုပဲ ဟောဒီမှာ ကိုယ့်ရင်ဘတ်ရဲ့ နှလုံးသားတည့်တည့်ဆီ ညွှန်ပြနေတတ်တာ အခုထိပဲ။ မှောင်နေတဲ့ ကောင်းကင်ယံပေါ် ကြယ်တွေဟာ အတိတ်က အလင်းစက်တွေကို ထမ်းပိုးပြီး လှပ ပျိုမြစ်နေတတ်သလိုမျိုး ကိုယ့်ရင်တွင်းရဲ့ အမှောင်တစ်ဖက်ခြမ်းမှာလည်း “စောပြည့်ညို” ဆိုတဲ့ အတိတ်က ကြယ်တစ်ခင်းစာ လင်းလက်နေတုန်း၊ ပျိုမြစ်နေတုန်း၊ သစ်လွင်တောက်ပနေတုန်း။ ၁၉၉၉ – ၂၀၀၀ ဆိုတဲ့ အတိတ်ကို ပြန်ကြည့်ဖို့ အလင်းနှစ် (၂၅) နှစ်လောက်ကို ပြန်သွားပါ။ ပြီးရင် ကိုယ့်မျက်ဝန်းထဲ ပြန်ကြည့်ပါ။ ကိုယ့်နှလုံးသားထဲကို ပြန်ကြည့်ပါ။ အဲဒီတုန်းက ကြေကွဲလို့ ငိုခဲ့ရတာကလည်း ခုအချိန်မှာ ပြန်ငိုချင်မိတဲ့ တခုပ်တရ အလွမ်းပဲ မဟုတ်လား။
ဟိုတလောက ကိုယ်တို့ ပြန်ဆုံကြတယ်။ သဲသောင်ပြင် ဖြူလွလွပေါ်ပြန့်ကျဲနေတဲ့ စံပါယ်ပွင့်ဖတ်လွှာတွေကို ပင်လယ်လှိုင်းက သိမ်းပိုက် ယူငင်သွားသလိုမျိုး ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ ကိုယ့်ရင်ထဲ ဘာတစ်ခုမှ မကျန်ခဲ့ဘူး။ ကိုယ်တွေးတယ်၊ ကိုယ်မရှိတော့ဘူး။ အတိတ်ဟာ ဒရယ်ဂူလာတစ်ကောင်ရဲ့ သွေးစုပ်နှုန်းနဲ့ ကိုယ့်နှလုံးသား သွေးကျောမျှင်တွေကို စုပ်ယူ ဖမ်းစား သွားလိုက်ပုံများကွယ်။ နောက်ဆုံးတော့လည်း ပဋိသန္ဓာရ စကားလုံးတွေနဲ့ အချစ်ကိုရော အလွမ်းကိုပါ ရောထွေး ပစ်လွှတ်ခဲ့ရတာ သိပ်မောတာပဲ စောပြည့်ညိုရယ်…။
ကိုယ်တို့ ဝေးခဲ့တာ ကြာပြီ။ ဟုတ်တယ်။
ဟိုတုန်းကတော့ မင်းဟာ ကိုယ့်အိပ်ခန်းနံရံပေါ် ချိတ်ဆွဲထားတဲ့ ဘူးသီးအိုးဂစ်တာတစ်လုံးလို ဆယ့်ရှစ်နှစ်ပြည့်လုလု ပြက္ခဒိန်ကို ကြော့ကြော့မော့မော့ လှမ်းတက်လို့။ ကိုယ့်ရဲ့ အရိုင်းဆန်တဲ့ ကမ္ဘာပေါ် အနုပညာမြောက်စွာ ဖူးပွင့်လာတဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကိုယ့်အင်ပါယာမှာ ဘာဒဿနမှ မရှိခဲ့ဖူးပေမယ့် မင်းနဲ့ပတ်သက်ပြီး ကမ္ဘာကြီး ကျယ်ပြောသလောက် ချစ်တတ်ဖို့ ကိုယ် ကြိုးစားခဲ့ရတာပါပဲ စောပြည့်ညို။ မင်းဟာ ကိုယ့်ရဲ့ ဘင်္ဂလားပင်လယ်အော်ပဲ။ မင်းဟာ ကိုယ့်ရင်ထဲကို လေဖိအားရပ်ဝန်းတွေ မကြာခဏ ဖြစ်စေခဲ့ရဲ့။ အတိတ်မှာ စံပါယ်တွေ ပွင့်တယ်။ ငုဝါတွေ ပွင့်တယ်။ သဇင်တွေ ပွင့်တယ်။ အတိတ်မှာ မိုးသည်းထန်တယ်၊ လေပြင်းတိုက်တယ်၊ မုန်တိုင်းငယ်အဆင့်ကို ပြောင်းလဲ၊ ပျက်ပြယ်၊ ဖြတ်ကျော်တယ်။ အဲဒီလိုပဲ မင်းဟာ ကိုယ့်ရဲ့ ချစ်သော ဘင်္ဂလားပင်လယ်အော်။
ထားလိုက်ပါတော့….။
ထားလိုက်ပါတော့….။
ကံမကုန်လို့ ပြန်ဆုံကြတယ်ပဲ ပြောကြရအောင် စောပြည့်ညိုရယ်။ ဒီထက်ပိုပြီး ပြည့်စုံတဲ့ စကားလည်း ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး မဟုတ်လား။ ဟုတ်တယ်။ တကယ်ပဲ ကံမကုန်လို့ ကိုယ်တို့ ပြန်ဆုံကြတယ်။ ဒါပေမယ့် ခေတ်စနစ်ရဲ့ လေလှိုင်းတွေအဖြစ်နဲ့ ကိုယ်တို့ ပြန်ဆုံကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ကမ္ဘာ့ရွာမှာ အနီးကပ်ဆုံး ပြန်တွေ့ကြတယ်။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကို ပြန်ရှူရှိုက်မိသလို၊ မင်းရဲ့ ဆံနွယ်လေးတွေ လေအလွင့်မှာ ကိုယ့်မျက်နှာပေါ် ကျီစယ်နေကြသလို၊ မင်းရဲ့ အသက်ရှူသံတွေ ကိုယ့်ရင်ဘတ်ထဲ နွေးနေသလို၊ မင်းရဲ့ စကားသံတွေ ကိုယ့်နားထဲ တိုးတိုးသဲ့သဲ့ ပြန်ကြားနေရသလို။ အတိတ်ဟာ မျက်နှာမလိုက်ဘဲ ကိုယ့်ဆီကို တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့ရဲ့။
မင်း အခု ဘယ်မှာလဲ စောပြည့်ညို။ ပလန်ဒီအိုပွန်တာ ရွက်လှေကြီးတွေ ဆိတ်မညံတဲ့ ကျောက်လှေကား ဆိပ်ကမ်းကနေ အနောက်သူရတန်ကို မျှော်ငေးနေသလား။ အာဂျရေနဲ့ ခရိုင်ဇီမှာ ဘုံနန်းပြဿာဒ် ပြတင်းတံခါးဆီ မေးတင်ရင်း သိမ်ကန်မိန်လျှိုးလိုက်ကို ရေးဖွဲ့နေရဲ့လား။ ဒန်ရမာစာလီနဲ့ ဒူရဘီကို အမျက်တော်ရှပြီး သိင်္ဂစန္ဒြားကို ဝန်တို တိုးတိတ်၊ ကြိတ်မှိတ် ငိုနေရော့လား စောပြည့်ညိုရယ်။
ထားလိုက်ပါတော့…။
ထားလိုက်ပါတော့….။
ကိုယ်တို့သမိုင်းက ဘယ်တုန်းကမှ မရိုင်းခဲ့ဘူး မဟုတ်လား စောပြည့်ညိုရယ်။
စကားမစပ် အဲဒီမှာ အခု မိုးတွေ ရွာနေရဲ့လား။ အဲဒီမှာ ကုန်ဈေးနှုန်းတွေ တက်နေရဲ့လား။ အဲဒီမှာ သေနတ်သံတွေ၊ အမြောက်သံတွေနဲ့ ငိုယိုငြီးတွားသံတွေ ကြားနေရရဲ့လား။ အဲဒီမှာ လူနေအိမ်တွေဆီကို ဗုံးအလုံး ရာထောင်ချီပြီး ပစ်ချတတ်တဲ့ အာဏာရှင် ဂျက်ဖိုက်တာတွေ၊ Y-12 တွေ ဝဲပျံနေရဲ့သလား။ စစ်အစိုးရရုပ်မြင်သံကြားမှာ တိုင်းပြည်အနှံ့ ငြိမ်းချမ်းနေပြီး လက်တွေ့မြေပြင်မှာ ငရဲပွက်နေတဲ့ ဒေသတွေ အဲဒီမှာ ရှိနေသလား။ အဲဒီမှာ နိုင်ငံတော်ကို ချောက်ထဲကျဖို့ လက်တစ်လုံးအလိုက ကယ်တင်ထားရကြောင်း သေနတ်ထောင်ပြီး အော်နေတဲ့ အာဏာ ရူးတွေ ရှိနေသလား။ အဲဒီမှာ နိုင်ငံတော်ကို တစ်ဦးတည်းမူပိုင်အမွေရထားသလို သုံးဖြုန်းနေတဲ့ မောင်ငယ်ရင်သွေးတွေ ရှိနေသလား။ အဲဒီမှာ အသွင်အမျိုးမျိုး ပြောင်းတတ်တဲ့ မှော်ဆရာ စစ်ခေါင်းဆောင်တွေ ရှိနေသလား။
ကိုယ်တို့ ကံမကုန်လို့ ပြန်ဆုံရတယ်ဆိုတာ အမှန်ပဲ စောပြည့်ညို။ ကိုယ်တို့က အာရက္ ပြည်သားတွေလေ။ တရားနဲ့ ဓားကို မြဲမြဲဆုပ်ကိုင်ပြီး အမျိုးသားလွတ်လပ်ရေး သမိုင်းသစ်ကို ကိုယ်တို့ ရေးနေကြရတယ်။ အသက်နဲ့ ခန္ဓာဆိုတာ လွတ်မြောက်ရေးလမ်းပေါ်က အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပဲ။ ဂျူးလူမျိုးတွေက အိပ်ဇောဒပ်ကို မိုင်ကုန်ဖွင့်ပြီး ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ရ နယ်မြေဆီ ခရီးနှင်ခဲ့ကြသလို အာရက္ခတွေလည်း မိဘ ဘိုးဘွားပိုင်မြေမှာ အောင်လံတော်စိုက်ပြီး အာရက္ခနိုင်ငံတော် သီချင်းကို သီဆိုဖို့ ခရီးနှင်နေကြရတယ်။ အမှန်တရားပဲ မဟုတ်လား စောပြည့်ညိုရယ်။
ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နဲ့ မြောက်ဦးဟာ ကိုယ်တို့ ဘိုးဘေးဘီဘင်တွေ နန်းစိုက်ခဲ့တဲ့ သမိုင်းဝင် အာရက္ခပြည်။ အချုပ်အခြာ အာဏာပိုင် ရက္ခိုင်ဘုရင့်နိုင်ငံတော်ရဲ့ နိဂုံးကို နိဒါန်းသစ် ပြန်ရေးဖို့ ဥဒါန်းသစ်လည်း ကြူးရင့်ရဦးမယ် စောပြည့်ညို။ သမိုင်းနဲ့ မြေပုံကို စစ်နိုင်သူတွေ စိတ်ကြိုက် ရေးခဲ့ကြစတမ်းဆိုရင် ကိုယ်တို့သမိုင်းသစ်ကို အခု ကိုယ်တို့ ပြန်ရေးရမယ် စောပြည့်ညို။ စောပြည့်ညိုရယ် …စောပြည့်ညိုရယ်…။
ရက္ခိုင်ရိုးမ တောင်ညိုရဲ့ ဟိုးအဝေး တစ်နေရာမှာ ပုရိန်အဆုံး ကျောက်စာရဲ့ ခံတပ်တော် ရှိတယ်။ နာဂရစ်အငူမှာ ပညာရှိ မူးမတ်ကြီး မဟာပညာကျော်ရဲ့ အုတ်ဂူ ရှိတယ်။ ကုလားတန်မြစ်ရဲ့ တစ်ဖက်ကမ်းမှာ ရန္တပိုစာချုပ်ရဲ့ အာရကန်တောင်တန်းဒေသ ရှိတယ်။ စောပြည့်ညိုရယ် အချစ်နဲ့ စစ်မှာ မတရားတာ ဘာမှ မရှိဘူးတဲ့။ စစ်ဘုရင်တွေ ပြောခဲ့တဲ့စကားကို ကိုယ်တို့ တပ်မှူးချုပ်က တရားလည်း ရှိတယ်၊ ဓားလည်း ရှိတယ်လို့ ပြန်ချေပတယ်။
ဟုတ်တယ်။ အာရက္ခပြည်သူတွေမှာ တရားလည်း ရှိတယ်၊ ဓားလည်း ရှိတယ်။
ဟုတ်တယ်။ အာရက္ခတပ်တော်မှာ တရားလည်း ရှိတယ်၊ ဓားလည်း ရှိတယ်။
စောပြည့်ညိုရယ်… စောပြည့်ညိုရယ်….
ခေတ်ကို မကောင်းဘူလို့ မပြောပါနဲ့။ မကောင်းတဲ့ခေတ်ကို ဖြိုချပြီး ကောင်းအောင် ပြန်တည်ဆောက်နေရတာပဲ။ ရာစုနှစ်ပေါင်းများစွာ နင်းချေ ဖျက်စီးခဲ့ကြတဲ့ အာရက္ခ လူ့ဂုဏ်သိက္ခာကို ခုမှ မိဘရင်ငွေ့ ပေးရတုန်း။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ မကောင်းဘူးလို့ မပြောပါနဲ့ စောပြည့်ညို။ လူမျိုးကြီးဝါဒီတွေရဲ့ အယောင်ဆောင် အစစ်တွေကို အာရက္ ခအဆောင်အရောင်အစစ်နဲ့ အစားထိုး ရလိမ့်မယ်။ ကမ္ဘာကြီးက ထင်သလောက် မရိုးသားပါဘူး စောပြည့်ညိုရယ်။
လူတွေဟာ သေနတ်တွေကို ဝှက်ထားပြီး လက်ဆွဲ နှုတ်ဆက်ကြတယ်။ ပွေ့ဖက် နှစ်သိမ့်ပြီး နောက်ကျောကို ဓားနဲ့ ထိုးကြတယ်။ အစစ်တွေကို ချန်ထားပြီး အတုအယောင်တွေကို ပေးကြတယ်။ ကောက်ကျစ်မှုတွေကို ခါးပိုက်ထဲ ထိုးထည့်ထားပြီး ညစာစားပွဲမှာ ပြုံးရယ် နှုတ်ဆက်ကြတယ်။ တချို့တွေကျပြန်တော့လည်း ခါတော်မီ တော်လှန်ရေးသစ္စာတွေဆိုပြီး တိုက်တွေဆောက်၊ ကားတွေစီးလို့။ တချို့တွေက လူ့အခွင့်အရေးဗန်းပြပြီး မိုးရွာအောင် နတ်ပင့်လို့။ တချို့တွေက ဂလိုဘယ်ဆန်တယ်ဆိုတာကို ပြသဖို့အတွက် အာရက္ခနိုင်ငံတော်ကို စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်လို့။ တချို့တွေက ရက္ခိုင်ရိုးမ တစ်ဖက်ခြမ်းမှာ ညောင်သီးမှည့်ချိန် စောင့်နေကြတဲ့ ညောင်ပိုးတွေ ဖြစ်လို့။
တချို့တွေက စိမ့်ကြီးတောကြီးထဲ ဖိနပ်မပါတဲ့ တော်လှန်ရေးခရီးကို ဝါးတုတ်စားပြီး ချီတက်လို့။ ရင်ကိုခွဲ၊ အူကိုထုတ်၊ နန်းတော်တိုင်မှာပတ်ချည်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ အသက်ကို စတေးခဲ့တယ်ဆိုတာ ကိုယ်မပြောချင်ဆုံး သမိုင်းပဲ စောပြည့်ညို။ လူလူချင်း သေနတ်တွေနဲ့ ပစ်နေကြတဲ့ တော်လှန်ရေးမှာ တစ်စုံတစ်ယောက်က အသက်အသေခံပြီး တော်လှန်ရေး အောင်မြင်သွားမယ်ဆိုရင် အဲဒီလူဟာ ကိုယ်အရင်ဦးဆုံး ဖြစ်မှာပဲ စောပြည့်ညို။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အဲဒါ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ မဟုတ်လား။
ဗိုက်ဆာနေတဲ့ ရင်သွေးကို မိခင်နို့ မတိုက်ဘဲ “သားကို မေမေချစ်ပါတယ်” ဆိုတာနဲ့ လုံလောက်မှာလား စောပြည့်ညို။ တစ်ကိုယ်စာ ထီးမိုးထားရုံနဲ့ ခေါင်မိုးပေါက် မိုးယိုတာ ပျောက်သွားမှာ မဟုတ်ပါဘူး စောပြည့်ညို။ အချစ်ရဲ့ အန္တိမပန်းတိုင်ဟာ ချစ်သူချင်း ဆုံစည်းခြင်းပဲ မဟုတ်လား စောပြည့်ညို။
ကြည့်လိုက်ပါဦး စောပြည့်ညို….
အပြာနဲ့ အနီစပ်ကြားမှာ ဝံလက်တောင်ပံ၊ သဇင်ခက် ရံထားတဲ့ ကြယ်နီတစ်ပွင့် ငွားငွားစွင့်စွင့် လွင့်လို့။ အဲ ပြီးတော့ အနီရောင်အောက်ခံမှာ အဖြူရောင် သီရိဝစ္စနဲ့ အာရက္ခနိုင်ငံရဲ့ အလံတော်။ ဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့ ထင်ထားတဲ့ ကိုယ်တို့နှစ်ယောက် ပြန်ဆုံကြသလို အာရက္ခပြည်ရဲ့ အမျိုးသား လွတ်လပ်ရေးဟာ အာရက္ခပြည်သူတွေနဲ့ ပြန်ဆုံခဲ့ပြီပဲ။
စောပြည့်ညိုရယ်…
အချစ်ကို နှလုံးသားက ဖန်ဆင်းတယ်။
စစ်ကို အာဏာရှင်တွေ ဖန်ဆင်းတယ်။
အာရက္ ခလွတ်လပ်ရေးကိုတော့ အာရက္ခတပ်တော်က တိုက်ယူပေးလိမ့်မယ်ကွယ့်။
တစ်နေ့ပေါ့ ….
ပလန်ဒီအိုပါန်တာကြီးတွေ မဟုတ်တဲ့ ပင်လယ်ကူး သင်္ဘောတွေရှိရာ အာရက္ခနိုင်ငံတော်မှာ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုရင်း အလွမ်းဖြေကြမယ်။
စောပြည့်ညိုရေ…
ချစ်သော စောပြည့်ညိုရေ။ ။
ရင်ငြိမ်းမြို့
