ဘင်္ဂလားဒေ့ရှ်ဟာ မွတ်ဆလင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် တောင်းဆိုမှုတွေ ထပ်တလဲလဲ လုပ်ဆောင်နေပါတယ်။ ဒီတောင်းဆိုမှုဟာ သံတမန်ရေးရာမှာ အသစ်အဆန်း ကိစ္စတော့ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒမှာ ဒီပြဿနာဟာ နှစ်ပေါင်းများစွာကတည်းက အရေးပါတဲ့ ပန်းတိုင်တစ်ခု ဖြစ်နေခဲ့တာပါ။
၁၉၇၈ နဲ့ ၁၉၉၁-၉၂ ကာလတွေမှာ မြန်မာနိုင်ငံဘက်ကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှု နှစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ လုပ်ခဲ့ကြဖူးပါတယ်။ ၂၀၁၇ ဩဂုတ်လတုန်းက မြန်မာနိုင်ငံ ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ ဒုက္ခသည်တွေကို မိမိဆန္ဒအလျောက် နေရပ်ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းဦးစားပေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ကတည်းက ဒီနေ့အထိ သိသာထင်ရှားတဲ့ နေရပ်ပြန်ပို့နိုင်မှုမျိုး ဘာတစ်ခုမှ လက်တွေ့ဖြစ်မလာခဲ့ပါဘူး။
ဒီနေရာမှာ စိန်ခေါ်မှုဟာ ဒုက္ခသည်တွေကို နယ်စပ်တစ်ဘက်ဆီ ပြန်ပို့ပေးရုံတင် မကပါဘူး။ ပြန်မယ့်သူတွေ မိမိဆန္ဒအလျောက်၊ ဘေးကင်းကင်း၊ သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့အောင် ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့လည်း လိုပါတယ်။ UNHCR ဘက်ကလည်း ဒုက္ခသည်တွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ မိမိဆန္ဒအလျောက်ပဲ ပြန်နိုင်ရမယ်လို့ ခဏခဏ တောင်းဆိုထားတာ ရှိပါတယ်။
ထွက်ပြေးတိမ်းရှောင်ရတဲ့ သမိုင်းကြောင်းကို ကြည့်ရင် ဒီစိန်ခေါ်မှုက ဘာလို့ ဒီလောက်ခက်တာလဲဆိုတာ ပိုထင်ရှားပါတယ်။ မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရပြီး အခွင့်အရေးတွေ ဖယ်ကြဉ်ခံခဲ့ရတာပါ။ ၁၉၈၂ နိုင်ငံသားဥပဒေဆိုရင် မွတ်ဆလင် အများစုကို နိုင်ငံသားအခွင့်အရေး ပိတ်ပင်လိုက်သလို ဖြစ်ခဲ့ပြီး ခိုင်မာတဲ့ နိုင်ငံသားဖြစ်ခွင့်ကိုပါ ငြင်းပယ်ခဲ့ပါတယ်။ ခရီးသွားလာခွင့်၊ ပညာရေးနဲ့ အလုပ်အကိုင် အကန့်အသတ်တွေအပြင် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခဏခဏ ခံခဲ့ရတာကြောင့် အကြိမ်ကြိမ် ထွက်ပြေးခဲ့ကြရတာပါ။
သွားလာခွင့် ကန့်သတ်ချက်၊ ပညာရေး ကန့်သတ်ချက်၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိနိုင်မှု ကန့်သတ်ချက်တွေအပြင် လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ အကြမ်းဖက် နှိပ်စက်မှုတွေဟာ ထွက်ပြေးတိမ်းရှောင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။
၂၀၁၇ ရဲ့ ထွက်ပြေးမှုကတော့ ၁၉၇၈ နဲ့ ၁၉၉၁-၉၂ တုန်းကထက် ပိုပြီး အဆမတန် ကြီးမားခဲ့ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံကို ပြန်ဖို့ဆိုတာ နယ်စပ်တစ်ခုကို ဖြတ်လိုက်ရုံနဲ့ ပြီးသွားမယ့် ရိုးရိုးရှင်းရှင်း ကိစ္စမဟုတ်ပါဘူး။ သူတို့အတွက် နယ်စပ်တဘက်မှာ အခြေအနေတွေ တကယ်ရော ကောင်းမွန်လာရဲ့လားဆိုတာက မေးစရာ မေးခွန်းဖြစ်နေပါတယ်။
၂၀၁၇ နိုဝင်ဘာ ၂၃ မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ ဒုက္ခသည်ပြန်ပို့ရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ လူဦးရေ စိစစ်ရေး၊ နိုင်ငံသားဖြစ်ခွင့်၊ လုံခြုံရေး၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ပြန်လည်အခြေချရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဘာမှ ရေရေရာရာ မဖြေရှင်းနိုင်ခဲ့တာမို့ သိသာတဲ့ တိုးတက်မှု ထွက်မလာခဲ့ပါဘူး။ ၂၀၁၈ နဲ့ ၂၀၁၉ မှာလည်း အခြေအနေတွေဟာ ပြန်ဖို့ မကောင်းသေးဘူးလို့ ဒုက္ခသည်တွေက ယူဆခဲ့ကြတာကြောင့် နေရပ်ပြန်ပို့ရေး အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။ နှစ်နိုင်ငံ သဘောတူညီချက်တစ်ခုတည်းနဲ့ ဒုက္ခသည်တွေ ရဲရဲဝံ့ဝံ့ ပြန်လာရဲအောင် ဘေးကင်းစိတ်ချရမှုမျိုး မပေးနိုင်ဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် အခြေအနေတွေက ပိုရှုပ်ထွေးသွားခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ပဋိပက္ခတွေ ပြန်စလာကတည်းက ရက္ခိုင်ပြည်ရဲ့ လုံခြုံရေးအခြေအနေဟာ ပိုဆိုးဝါးသွားခဲ့ပြီး နေရပ်ပြန်ပို့ရေး ကိစ္စကို ပိုရှုပ်ထွေးသွားစေပါတယ်။ ရက္ခိုင်ပြည်မှာ နယ်မြေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး ပဋိပက္ခတွေ ဆက်တိုက် ဖြစ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရနှစ်ခုကြား ဆက်ဆံရေးတစ်ခုတည်းနဲ့ ဒီပြဿနာကို စဉ်းစားလို့ မရတော့ပါဘူး။ နေရပ်ပြန်ပို့မယ့် ဘယ်လုပ်ငန်းစဉ်မဆို မွတ်ဆလင်ဒုက္ခသည်တွေ ပြန်ရောက်သွားမယ့် ဒေသတွေရဲ့ လက်ရှိ လုံခြုံရေးနဲ့ နိုင်ငံရေး အခြေအနေအမှန်ကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ဆက်လုပ်ခဲ့ပါတယ်။ ၂၀၂၂ ဇွန်လမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ၅ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး စိစစ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုတွေကို ဆက်လုပ်ခဲ့ပါတယ်။ ၂၀၂၃ မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ဟာ ဒုက္ခသည် ၁၁၄၀ ပါဝင်တဲ့ နေရပ်ပြန်ပို့ရေး ကနဦး အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။ အဲဒီထဲက ၇၁၁ ဦးကို ပြန်ဖို့ စိစစ်အတည်ပြုပေးခဲ့ပြီး ကျန်တဲ့ ၄၂၉ ဦးကတော့ ဆက်လက် စိစစ်ခဲ့ပါတယ်။
ဒုက္ခသည်တွေဘက်ကတော့ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်၊ သွားလာပိုင်ခွင့်နဲ့ မိခင်နိုင်ငံကို ပြန်လည်အခြေချနိုင်ခြေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းမှု အများအပြား ရှိကြပါတယ်။ ဒီအတွေ့အကြုံအရ နေရပ်ပြန်မယ့်သူ စာရင်းဆွဲရုံ၊ ကြိုဆိုရေး အစီအစဉ်လုပ်ရုံနဲ့ မလုံလောက်ဘူးဆိုတာ တွေ့ရပါတယ်။ ဒုက္ခသည်တွေ စိတ်ပါလက်ပါနဲ့ မိမိဆန္ဒအလျောက် ပြန်ဖို့ ဆုံးဖြတ်နိုင်အောင် သူတို့ကို လုံလောက်တဲ့ သတင်းအချက်အလက်တွေပေးပြီး ယုံကြည်မှု တည်ဆောက်ပေးဖို့ လိုပါတယ်။
ဒီနေရာမှာပဲ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးပါလာတာပါ။ ၂၀၁၇ အရေးအခင်းအပြီးမှာ တရုတ်ဟာ သံတမန်ရေးအရ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဆင့် ၃ ဆင့်ပါတဲ့ အဆိုပြုချက်ကို တင်သွင်းခဲ့ပါတယ်။ အဲဒါတွေကတော့ “ပထမ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဒုတိယ၊ နေရပ်ပြန်ပို့ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းရေး၊ တတိယ၊ ရက္ခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး” တို့ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြန်ပို့ပေးရုံတင် မကဘဲ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ထားတာကြောင့် အရေးပါခဲ့ပါတယ်။
တရုတ်ရဲ့ ထူးခြားတဲ့ အနေအထားကတော့ ဘင်္ဂလားဒေ့ရှ်ရော မြန်မာနဲ့ပါ ခိုင်မာတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ ရှိနေတာပါ။ တရုတ်ဟာ မြန်မာနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလို ဘင်္ဂလားဒေ့ရှ်နဲ့လည်း စီးပွားရေးနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ ကျောက်ဖြူစီမံကိန်းတို့နဲ့ ဆက်စပ်နေပြီး နယ်ပယ်အများအပြားမှာ ဖြန့်ကြက်ထားတာပါ။ ဒီဆက်ဆံရေးတွေကြောင့် ဘေဂျင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မရှိတဲ့ မြန်မာနိုင်ငံအပေါ် သံတမန်ရေးရာ စိမ့်ဝင်ဆွေးနွေးနိုင်စွမ်း ရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုဝင်ထွက်ခွင့် ရှိတာဟာ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ဩဇာမျိုး ရှိနေတယ်လို့တော့ ပြောလို့မရပါဘူး။
တရုတ်အနေနဲ့ စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံရေးတွေကနေတစ်ဆင့် မြန်မာပေါ် ဩဇာညောင်းတာ မှန်ပေမဲ့ မြန်မာအစိုးရ ဒါမှမဟုတ် ရက္ခိုင်က လက်နက်ကိုင်အဖွဲ့တွေအပေါ် သူတို့ရဲ့ ဖြေရှင်းနည်းကို အတင်းအကျပ် ဖိအားပေး စေခိုင်းပိုင်ခွင့်တော့ မရှိပါဘူး။
တရုတ်ရဲ့ ပါဝင်ပတ်သက်မှုဟာ သုံးပွင့်ဆိုင် သံတမန်ရေး ပုံစံနဲ့ ပိုပြီး အခြေတကျ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ မှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်တို့ဟာ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ကူညီဖို့နဲ့ မြေပြင် အခြေအနေတွေကို ကွင်းဆင်းလေ့လာဖို့ သုံးပွင့်ဆိုင် လုပ်ငန်းစဉ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တရုတ်ဘက်ကလည်း နေရပ်ပြန်ရေးအတွက် သူတို့ ကတိပြုထားကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်သွယ်ရေးအတွက် ကူညီပေးချင်ကြောင်း ထပ်လောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို သံတမန်ရေးရာ ကတိကဝတ်တွေ ပေးခဲ့ပေမဲ့ အများအပြား မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်တဲ့ အနေအထားမျိုး အများကြီး ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် တရုတ်ရဲ့ ပါဝင်ကူညီမှုကို နှုတ်ထွက် ကတိကဝတ်တွေနဲ့တင် မဟုတ်ဘဲ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီး တိုင်းတာသင့်ပါတယ်။
အဓိကပြဿနာကတော့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတွေ ဆောက်ပေးရုံနဲ့ နေရပ်ပြန်ပို့ရေးက မပြီးမြောက်နိုင်တာပါ။ မွတ်ဆလင် ဒုက္ခသည်တွေကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမှု၊ စစ်မှန်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် အခြေအနေအတွက် ခိုင်မာတဲ့ ဖြေရှင်းချက်တစ်ခု ပေးရပါမယ်။
ဖွံ့ဖြိုးတိုးတက်မှုလုပ်ရင် စီးပွားရေး ပြန်ကောင်းလာနိုင်ပေမဲ့ အခြေခံအဆောက်အဦ တစ်ခုတည်းနဲ့တော့ အခွင့်အရေးတွေကို အစားထိုးလို့ မရပါဘူး။ ဒီခွဲခြားသိမြင်မှုဟာ လက်ရှိ ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ရှုပ်ထွေးနေတဲ့ ပဋိပက္ခကာလမှာ ပိုလို့တောင် အရေးပါနေပါတယ်။ ဒါတွေကို မဖြေရှင်းဘဲ ပြန်ပို့ရင် အန္တရာယ်ကြီးသွားနိုင်ပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ တရုတ်ရဲ့ ပါဝင်မှုကို ပိုမိုကျယ်ပြန့်တဲ့ သံတမန်ရေးရာ မူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲ ရှုမြင်ရမှာဖြစ်ပြီး အခြားနိုင်ငံတွေနဲ့ သံတမန်ရေးရာ လုပ်ဆောင်မှုတွေနေရာမှာ အစားထိုးစရာအဖြစ် မယူဆသင့်ပါဘူး။ ဒါကာအနေနဲ့ ဘေဂျင်းနဲ့ အဆက်အသွယ်မပြတ် ရှိနေရမယ့်အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ၊ အခြား နိုင်ငံတကာ အေဂျင်စီတွေနဲ့လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ရပါမယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ဘေးကင်း၊ သိက္ခာရှိပြီး ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေး ဖြစ်ပေါ်လာဖို့ မြန်မာနဲ့ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံရေးတွေကို ထိရောက်စွာ အသုံးချသင့်ပါတယ်။ တရုတ်အနေနဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကူညီပေးနိုင်သလို ထိခိုက်ခံရတဲ့ လူသိုက်အဝန်းတွေအတွက် ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဖွံ့ဖြိုးရေး အကူအညီတွေဟာ အခွင့်အရေးတွေ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးတို့နေရာမှာ အစားထိုးလို့တော့ မရနိုင်ပါဘူး။
မွတ်ဆလင်ဒုက္ခသည် ပြဿနာဟာ ရိုးရိုးတန်းတန်း ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ထွက်ပြေးရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ လုံခြုံရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို သံတမန်ရေး ကတိကဝတ်သက်သက်နဲ့ မကျော်လွှားနိုင်ဘူးဆိုတာကို ပြီးခဲ့တဲ့ သဘောတူညီချက်တွေက သက်ပြခဲ့ပြီးပါပြီ။ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးဆိုတာ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံမှု၊ အခွင့်အရေးနဲ့ သိက္ခာရှိရှိ ယုံကြည်စိတ်ချစွာ နေထိုင်နိုင်မလားဆိုတာပေါ်မှာပဲ အဓိက မူတည်နေပါတယ်။
ဒီနေရာမှာ တရုတ်အနေနဲ့ မွတ်ဆလင်ဒုက္ခသည် ပြဿနာကို တစ်ယောက်တည်း ဖြေရှင်းဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေးတွေကို ပေါင်းစပ်အသုံးချပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ဘေဂျင်းအနေနဲ့ ဒီဆက်ဆံရေးတွေကို နေရပ်ပြန်ရေး အခြေအနေတွေ ပိုကောင်းလာအောင် ရေရှည်ကြိုးပမ်းမှုများအဖြစ် လက်တွေ့ပြောင်းလဲနိုင်ရင်တော့ သူတို့ရဲ့ ပါဝင်မှုဟာ တကယ်ကို အဓိပ္ပာယ်ရှိလာမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒေသတွင်းရော နိုင်ငံတကာနဲ့ပါ သံတမန်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်ရင်း ဒီလို ပါဝင်ပတ်သက်မှုမျိုးရအောင် တွန်းအားပေးသင့်ပါတယ်။ အဓိက အန္တိမ ပန်းတိုင်ကတော့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ပြီး နေရာရွှေ့လိုက်ရုံတင် မဟုတ်ဘဲ စစ်မှန်တဲ့ ဘေးကင်းမှု၊ မိမိဆန္ဒအလျောက် ဖြစ်မှု၊ သိက္ခာရှိမှုနဲ့ ရေရှည်တည်တံ့မှုတို့ ရှိနေစေမယ့် နေရပ်ပြန်မှုမျိုး ဖြစ်အောင် ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။
ရဲမွန်လှ
Prothom Alo သတင်းဌာနက ဖော်ပြထားတဲ့ Why China matters to Rohingya repatriation ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။ မူရင်းဓာတ်ပုံ – Reuters
