အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်မှာ လက်နက်ကြီး ၅ ခုခန့် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အ.ထ.က (၄) ကျောင်းမှာ တစ်ခု၊ ဝန်ကြီးအိမ်ရာဘက်ဖြစ်တဲ့ အနောက်စံပြ ရပ်ကွက်အတွင်းတွင် နှစ်ခု၊ လှခိုင်ဆရာတော် ဘုန်းကြီးကျောင်းနားတွင် တစ်ခု၊ ထွေအုပ်ရုံး အနောက်ဘက် ဝန်ထမ်းအိမ်ရာတွင် တစ်ခု စုစုပေါင်း ၅ ခု ကျရောက်ခဲ့တာဖြစ်ပြီး ကျရောက်တဲ့နေရာတွေဟာ ကွင်းပြင်တွေဖြစ်တယ်လို့ အာရက္ခတိုင်းမ်စ်က စုံစမ်းသိရှိရပါတယ်။
လက်နက်ကြီးတွေဟာ အချိန်တစ်ပြိုင်တည်း ကျရောက်တာမဟုတ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရပါတယ်။
စစ်တွေဒေသခံတစ်ဦးက “အခြေအနေတွေကတော့ သူ့ဟာသူ ပုံမှန်ပဲ စာသင်ကျောင်းတွေမှာ ကျတယ်လို့ ပြောသံ ကြားတယ်။ ပြီးရင် ဝန်ထမ်းအိမ်ရာမှာ ကျတယ်လို့လည်း ပြောသံကြားတယ်။ ပြီးရင် ဘုန်းကြီးကျောင်းမှာလည်း တစ်လုံးတဲ့။ ပြီးရင် အ.ထ.က ၄ နားမှာ တစ်လုံး ပေါက်ကွဲမှုတော့ ရှိတယ်။ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ အခုတော့ ကုန်ဈေးနှုန်းတွေ တက်မလို့တဲ့။ ဆန်တွေ၊ ဆီတွေ၊ ဆားတွေ လိုက်ဝယ်နေကြတယ်။ တိုက်ပွဲက စစ်တွေမှာ ဖြစ်တာမဟုတ်ဘူးလေ။ အပြန်အလှန် ဖြစ်နေကြတာကို” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် AA တို့ဟာ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး နှစ်ဖက်အကြား လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေဟာလည်း အပြန်အလှန် ရှိနေတာ ဖြစ်ပါတယ်။
