အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဂွမြို့နယ်က ဆေးကုသစရိတ် မတတ်နိုင်တဲ့ ၈တန်းကျောင်းသားအတွက် အကူညီ လိုအပ်နေတယ်လို့ အာရက္ခမျိုးဆက်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဆိုပါတယ်။
ဆေးကုသမှု ခံယူနေသူမှာ ဂွမြို့နယ်၊ ကင်းပုံရပ်ရွာမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ၈တန်းကျောင်းသား မောင်ဌေးမင်းနိုင် (ခ) မောင်ဖြူ ဖြစ်တယ်လို့ဆိုပါတယ်။
“၈ တန်းကျောင်းသားပါ။ ကိုယ်ခံအားနည်းတာပေါ့။ အရပ်ဖက် အဖွဲ့အစည်းတွေက ဝိုင်းဝန်း လုပ်ပေးတာပဲရှိတယ်။ အိမ်ကတော့ ဘာမှ လုပ်ပေးနိုင်တာ မရှိဘူး။ အိမ်က နည်းနည်း အဆင်မပြေကြတော့ ဆေးကုသစရိတ်ကတော့ တော်တော်ကို လိုပါတယ်။ အသင်းအနေနဲ့ကတော့ ရန်ပုံငွေ လိုအပ်ချက်က ရှိပါတယ်။ ကျနော်တို့ သူ့တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီဘက်မှာက ဘယ်လိုဖြစ်နေလဲဆိုတော့ လူနာတွေက တော်တော်များပါတယ်။ များတဲ့အခါကျတော့ လူနာကိစ္စဆို ကျနော်တို့ အသင်းအနေနဲ့ အများဆုံး တာဝန်ယူ ဖြေရှင်းပေးနေတာ ရှိပါတယ်” လို့ အဆိုပါ အဖွဲရဲ့ အတွင်းရေးမှူးဖြစ်သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ကျောင်းသားဟာ ဆေးကုသမှု ခံယူနေတာ ရက်ပေါင်း ၂၀ နီးပါး ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ အာရက္ခမျိုးဆက်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဆေးကုသမှု ဆက်လက် ခံယူနိုင်ရန် ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
