BusinessNewsPolitic

စစ်တွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် လူကုန်ကူးမှု တားဆီးရန် ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် ပြည်ပကို အလုပ်သွားလုပ်မယ်ဆိုတဲ့ မက်လုံးနဲ့ လူကုန်ကူးမှုတွေ ရှိနေပေမယ့် တားဆီးဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို လူကုန်ကူးတာတွေကို သိပေမယ့်လည်း မိသားစု စားဝတ်နေရေးအတွက် သွားရောက်လိုကြတဲ့သူတွေ ဖြစ်တာကြောင့် တားဆီးလိုက်မယ်ဆိုရင်လည်း တစ်ဖက်အတွက် မကောင်းဖြစ်စေသလို မတားဆီးပဲ မသိချင်ယောင် ဆောင်လိုက်ရင်လည်း လူကုန်ကူးမှုကို အားပေးသလို ဖြစ်နေတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဘာဖြစ်လို့ဆို ကျမတို့က တားဆီးလိုက်ရင် သူတို့ အလုပ်လုပ်ဖို့ သွားတာ။ ဒီစစ်တွေမြို့မှာ အလုပ်မရှိဘဲနဲ့ အငတ်ခံနေရတဲ့ အမျိုးသမီးတွေ များတဲ့အခါ မသိလိုက် မသိဖာသာနဲ့ မတားဆီးဘဲ လွှတ်ပေးလိုက်တယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နေတယ်။ ကျမတို့က တားဆီးလိုက်ပြန်ရင်လည်း ဒီမှာ အလုပ်မရှိ၊ မိသားစုအဆင်ပြေဖို့အတွက် သူတို့တွေ အဲဒီလို သွားကြတာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး နေရတာတွေလည်း ရှိပါတယ်။ တစ်ဖက်ကနေ သူတို့တွေကို တားဆီးလိုက်မယ်ဆိုရင် ဖမ်းဆီးလိုက်ဖို့၊ တားဆီးလိုက်ဖို့ဆိုရင် အဖမ်းခံရတဲ့ လူကုန်ကူးတယ်လို့ သတ်မှတ်တဲ့ အမျိုးသမီးမှာလည်း မိန်းကလေးမှာလည်း မိသားစု စားဝတ်နေရေးအတွက် လူကုန်ကူးတာကို လုပ်တယ်။ ဟိုဘက်ကို သွားမယ့်လူတွေမှာလည်း စားဝတ်နေရေးအတွက် ဒူဘိုင်းမှာပဲ ဖြစ်ဖြစ်၊ တရုတ်မှာပဲ ဖြစ်ဖြစ် ရလာတယ်ဆိုတာနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့၊ မိသားစုတွေကို စားဖို့ သောက်ဖို့အတွက် ပို့ပေးဖို့ ဆိုတာကို ကျမတို့ကြောင့် အဲဒီလို အလုပ်တွေ မလုပ်ဘဲနဲ့ စားရေး သောက်ရေးတွေ အခက်အခဲ ဒုက္ခရောက်ဖို့ကိုလည်း ကျမတို့က စိုးရိမ်စိတ် ပူပါတယ် မဖြစ်စေချင်ပါ” လို့ သူက ပြောပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနဲ့ စီးပွားရေး ကျပ်တည်းခြင်းက လူကုန်ကူးမှု ဖြစ်ပွားရခြင်း အဓိက အကြောင်းတရားတွေ ဖြစ်ပါတယ်။

လက်ရှိ စစ်တွေမြို့မှာတော့ တရုတ်မယားအဖြစ် သွားရောက် လုပ်ကိုင်တဲ့အခါမှာလည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်ပါက ဈေးတစ်မျိုး ရရှိကာ အပျိုမိန်းကလေး ဖြစ်ပါက ဈေးတစ်မျိုး ရရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဒူဘိုင်းမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ဆိုပြီးလည်း မိန်းကလေးတွေကို လူစုတာတွေ ရှိတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု လက်ရှိ စစ်တွေမြို့ အခြေအနေမှာ အမျိုးသမီးတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတယ်။ အလုပ်မရှိ။ လုပ်ဖို့အလုပ်လည်း မရှိတဲ့အခါ လွန်ခဲ့တဲ့လတွေကဆိုရင် တရုတ်ကို သွားတယ်၊ တရုတ်မှာ တရုတ်မယား သားဖောက်ဖို့ဆိုတဲ့ ပုံစံတွေနဲ့ တရုတ်ကို သွားတယ်။ တရုတ်မိန်းမ လုပ်ဖို့ဆိုပြီးရင် အိမ်ထောင်သည် အမျိုးသမီးဆို တစ်ယောက်ကို သိန်း ၆၀၊ သိန်း ၇၀ ရတယ်။ အပျိုဆိုရင် သိန်း ၉၀၊ ၁၀၀ အထိ ရပါတယ်။ အဲဒီလိုမျိုးနဲ့ လူကုန်ကူးခံနေရတာ အဓိက ဖြစ်နေပါတယ်။၊ အခု လက်ရှိမှာတော့ ဒူဘိုင်းဆိုပြီး အသံထွက်လာပါတယ်။ ဒူဘိုင်းကို အလုပ်လုပ်ဖို့ လွှတ်တယ်။ ဒူဘိုင်းကို အလုပ်လုပ်ဖို့ ဆိုပြီး မိန်းကလေးတွေ စုတယ်။ ရပ်ကွက်တော်တော်များများမှာ အဲဒီမိန်းကလေးတွေကို စုထားတယ်။ မှတ်ပုံတင်မရှိရင် မှတ်ပုံတင် လုပ်ပေးတယ်။ သွားဖို့ အတွက် လေယာဉ်စရိတ်တွေ ထုတ်ပေးတယ်။ အိမ်မှာ စားဖို့အတွက် ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တယ်။ ပြီးရင် သူတို့ ရောက်သွားတဲ့အခါ သူတို့ပိုက်ဆံထဲကနေဖြတ်ဖို့ ဆိုတဲ့ပုံစံမျိုးနဲ့ လူကုန်ကူးနေတာတွေလည်း ကြားရပါတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ကာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားချိန်ကနေစတင်ကာ လက်ရှိအချိန်ထိ လမ်းပန်း ဆက်သွယ်ရေးတွေ ကန့်သတ် ပိတ်ပင်ထားတာပါ။

ဒါ့ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရာဒေသဖြစ်တဲ့ စစ်တွေမြို့မှာ အလုပ်အကိုင် အခွင့်အလမ်း မရှိသလောက် ဖြစ်နေသလို ဒေသခံလူထု အများစုဟာလည်း ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို ခံစားနေကြလျက် ရှိပါတယ်။

Related posts

ခမီလူငယ်တွေ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရန် သက်လူမျိုးစု တိုက်တွန်း

Rakhita Times

ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှစ်ဦး နဲ့ အသက်မပြည့်သူတဦးပါဝင်

Rakhita Times

ကုန်ကားကြီးများသွားလာနိုင်ရန် ဘူးသီးတောင် မောင်တောလမ်း AA ပြင်နေ

Rakhita Times

Leave a Comment