NewsPolitic

ရက္ခိုင်တွင် ပရဟိတဆေးခန်း ဗုံးကြဲခံရ၊ ကျောင်းသူ သေဆုံးမှုကို ဆေးခန်းက ပြင်းထန်ကန့်ကွက်

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း အရပ်သားပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ “စေတနာ” အာရက္ခပြည်သူ့အကျိုးပြုဆေးခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ဆေးခန်းဘက်က ပြင်းထန်တဲ့ သဘောထား ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

အောက်တိုဘာလ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေတဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ၊ ဆေးခန်းတွင် စာသင်ကြားပေးနေတဲ့ အသက် ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးဟာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးခန်းအတွင်းရှိ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးပေးခန်းများ၊ လူနာဆောင်များနဲ့ ဝန်ထမ်းအဆောက်အအုံများပါ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ “စေတနာ” အာရက္ခပြည်သူ့အကျိုးပြုဆေးခန်းက ဆိုပါတယ်။

“စေတနာ” ဆေးခန်းဟာ အာရက္ခတပ်တော် ULA/AA အစိုးရအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးခန်းမဟုတ်ဘဲ၊ စစ်ဘေးဒဏ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူများကို လူမျိုး၊ ဘာသာမရွေး အခမဲ့ ဆေးကုသမှုပေးရန် ရည်ရွယ် ဖွင့်လှစ်ထားတဲ့ လူမှုကူညီရေး ဆေးခန်းတစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ လုံခြုံရေး အခြေအနေများကြောင့် ဆေးခန်းကို ယာယီပိတ်ထားတာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ဆေးကုသမှု ခံယူနေတဲ့ လူနာများ မရှိတော့ဘူးလို့လည်း သိရပါတယ်။

ပြည်သူများ အားကိုးပြုနေရတဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ နေရာများနဲ့ အရပ်သား စစ်ဘေးရှောင် ပြည်သူများ ခိုလှုံရာ နေရာများကို တိုက်ခိုက်ခြင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံတန်ဖိုးများကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆေးခန်းတာဝန်ရှိသူများက ယုံကြည်ပြီး၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အရပ်သားပြည်သူများရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ တိုက်ခိုက်မှုများကို မပြုလုပ်ရန် အလေးအနက် တောင်းဆိုထားပါတယ်။

Related posts

အမ်းတွင် စစ်ကျန် ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦး သေဆုံး

Rakhita Times

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

Rakhita Times

သွေးညှီနံ့မကင်းတဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း

Rakhita Times

Leave a Comment