အာရက္ခတိုင်းမ်စ် (၇ အောက်တိုဘာ ၂၀၂၆)
စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ရက္ခိုင်ပြည်တွင်းရှိ ပြည်သူများအတွက် ရက္ခိုင်ရိုးရာသင်္ကြန် (ဂျပန်) က ငွေကျပ် သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလှူငွေကို ရက္ခိုင်ရိုးရာသင်္ကြန် (ဂျပန်) က အောက်တိုဘာလ ၂ ရက်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကတဆင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
“ဒုတိယအကြိမ်မြောက် ရက္ခိုင်ရိုးရာသင်္ကြန် တိုကျို ဂျပန် ရဲ့ လူသားအချင်းချင်း စာနာထားရှိတဲ့ မေတ္တာတရားကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒုတိယဥက္ကဌ (၃) ထွန်းမင်းနိုင်က ဆိပါတယ်။
ရက္ခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို တိုကျိုမြို့၊ တိုနေရီး (Toneri) ပန်းခြံအတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရက္ခိုင်လူမျိုးအပါအဝင် တခြားတိုင်းရင်းသားလူမျိုးများလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၄,၀၀၀ ခန့် လာရောက် အားပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။
