အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်အတွင်းရှိ ပါဒလိတ်တပ်ရင်းအနီး၊ အမြင့်ကျွန်းနဲ့ ရွှေမင်းဂံ ရေတပ်စခန်းဝန်းကျင်တို့တွင် အောက်တိုဘာလ ၇ ရက်က တစ်ရက်လုံး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာကာ ဆယ်နဲ့ချီ သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် ဟာ စစ်တွေမြို့မြောက်ဘက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရေချမ်းပြင် အနီးတစ်ဝိုက်မှာလည်း သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အထိနာနေလို့ ကုလားတန်မြစ်ပေါ်ရှိ စစ်သင်္ဘောနဲ့ မြို့ပေါ်တပ်ရင်းတွေကနေ ဝီရဌာနီမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တိုက်လေယာဉ်၊ Y-12 ထောက်ပို့လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ် အစပ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ညနေ ၅ နာရီက စတင်ကာ လေယာဉ်နဲ့ ဗုံး အလုံး ၂၀ ကျော် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည်ရယူရန်အတွက် “၄၉၂၆ စစ်ဆင်ရေး” အမည်နဲ့ အကြီးစား ထိုးစစ်ဆင်နေပြီး စစ်ကောင်စီရဲ့ အဆိုပါထိုးစစ်ကို အာရက္ခတပ်တော်ဘက်က ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်များ ပေါင်းစပ်ပြီး အပြင်းအထန် ပြန်လည် တိုက်ခိုက်နေတာကြောင့် လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေပါတယ်။
