အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်၊ ပူးပေါင်းမဟမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဂုတ်ကြီးကျေးရွာဝန်းကျင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိပြီး နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်မှာ ပဒါန်းတပ်နယ်ကနေ အင်အား ၁၀၀ ကျော်နဲ့ နတ်ရေကန် ပင်မဗျူဟာကုန်းကို စစ်ကူပို့ဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဂုတ်ကြီးရွာဝန်းကျင်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ဆယ်ချီသေဆုံး ဒဏ်ရာရပြီး နောက်ပြန်လှည့်သွားခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ Y-12 လေယာဉ် ၁ စီးကို သုံးပြီး တစ်နာရီဝန်းကျင်ကြာ လေကြောင်းက ဗုံးကြဲပစ်ကူပေးခဲ့ပါတယ်။
အလားတူ ပဒါန်းမြို့အနီးက မစခ (၉၀၅) ကလည်း လက်နက်ကြီးပစ်ကူတွေ ဆက်တိုက် ပေးနေတယ်လို့ သိရပါတယ်။
ဂုတ်ကြီးရွာဝန်းကျင်က စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းကို လမ်းကြောင်းထိုးဖောက်နိုင်ဖို့ ပဒါန်း-နတ်ရေကန်လမ်းဟောင်းက ပဇီကျေးရွာဘက်ကနေ ထပ်မံစစ်ကြောင်းထိုးနေလို့ ပဇီရွာဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
AA နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ကာကင်းတာဝါတိုင်ကုန်းအပါအဝင် အမ်း-နတ်ရေကန်ကြားက စခန်းတွေကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက ပဒါန်းတပ်နယ်မှာ အင်အားထောင်ချီစုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် ဂုတ်ကြီးနဲ့ ပဇီကျေးရွာဝန်းကျင်မှာပဲ တန့်နေတယ်လို့ သိရပါတယ်။
