အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မောင်တောမြို့နယ် တမန်းသားကျေးရွာက ပျောက်ဆုံးနေတဲ့ ရွာသား ၅ ဦးကို နယ်စပ်မှာ အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင်အဖွဲ့တခုရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီလို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အသတ်ခံလိုက်ရသူတွေကတော့ တမန်းသားကျေးရွာက အေးစန္ဒာနွယ်၊ မောင်အေးလှိုင်၊ မောင်မောင်လှိုင်၊ မောင်စိုးလှိုင်နဲ့ မောင်ကျန်သိန်းတို့ ဖြစ်တယ်လို့ လေ့လာစုံစမ်းနေကြတဲ့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒါပေမယ့် မိသားစုဝင်တွေကတော့ အဲဒီအပေါ် အတည်မပြုနိုင်ကြသေးသလို သူတို့ သွားရောက်ခဲ့ကြတဲ့ ရက္ခိုင်ပြည်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အင်းချောင်းကျေးရွာကို သွားရောက်ရှာဖွေဖို့ အခက်အခဲ ရှိနေကြတာပါ။
အကြောင်းကတော့ အင်းချောင်းကျေးရွာဟာ အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ နယ်မြေတခုဖြစ်သလို လက်ရှိမှာ အာရက္ခတပ်တော် နဲ့ အဲဒီ စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေကြား တိုက်ပွဲ ဖြစ်နေကြတာကြောင့်လို့ ဆိုကြပါတယ်။
ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းနေတဲ့ ဒေသခံတစ်ဦးက” သူတို့ (တမန်းသား ကျေးရွာသား ၅ဦး) နဲ့ အလုပ်လုပ်ကြတဲ့ ရင်းနှီးနေကြတဲ့ လူတွေကို စုံစမ်းကြည့်တော့ အသတ်ခံလိုက်ရပြီလို့တော့ ပြောတယ်။ ဒါပေမယ့် ဟုတ် မဟုတ်ကိုတော့ သေချာ မပြောနိုင်သေးဘူး။ သွားရှာဖို့ကလည်း အန္တာရာယ် များတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဘယ်နေ့ ဘယ်အချိန် ဘယ်လိုပုံစံ သတ်ဖြတ်ခဲ့တယ်ဆိုတာကို တိတိကျကျ မသိရသလို သတ်ဖြတ်ခံရတဲ့အထဲမှာ အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ သတ်ဖြတ်ခံရသူတွေနဲ့ နီးသူတယောက်ရဲ့ပြောစကားကို ကိုးကားပြီး အဲဒီဒေသခံက ပြောပြနေတာပါ။
အင်းချောင်းကျေးရွာဟာ ရက္ခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတခုဖြစ်သလို ရက္ခိုင်ပြည်-ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းမျဥ်းနဲ့ ကပ်လျက်တည်ရှိတဲ့ ကျေးရွာ တရွာလည်း ဖြစ်ပါတယ်။
အဲဒီ ကျေးရွာအနီးမှာ အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင်တွေရဲ့ တပ်စခန်းတွေနဲ့ သင်တန်းကွင်းတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော်ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ နောက်ထပ် ဒေသခံတဦးက အခုလို ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ အဲဒီ အင်းချောင်းကျေးရွာက မြိုတွေ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်လုံး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ဝင်ပြေးသွားကြပြီလို့ ပြောတယ်။ အဲဒီ ရွာနားမှာ မူဆလင်လက်နက်ကိုင်တွေရဲ့ သင်တန်းကွင်းတွေလည်း တွေ့ရတယ်လို့ ပြောတယ်။ အဲဒီက မြိုတွေက မူဆလင် အကြမ်းဘက်သမားတွေနဲ့ ပေါင်းနေကြတာလို့ ပြောတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
မူဆလင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ ရက္ခိုင်ပြည်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြေကုတ်ယူပြီး ရက္ခိုင်ပြည်အတွင်းက နယ်စပ်ဒေသမှာ နေထိုင်ကြသူတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ မကြာခဏ ဆိုသလို ပြုလုပ်နေတာ ဖြစ်ပါတယ်။

17 comments