အာရက္ခတိုင်းမ်စ် (၃၀ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ စံပြရွာဘက်မှာ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ မကျင်းပခင် တလလောက် အလိုကတည်းက အိမ်ထောင်စုစာရင်းမိတ္တူတွေ လာယူပြီး သူတို့ပါတီကို မဲထည့်မယ်ဆိုရင် ဆန်၊ ဆီ ဆားပေးမယ်လို့ဆိုကာ တလပြည့်သည်အထိ ဘာမှမရသေးကြောင်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မဲပေးဖို့၊ မဲပေးရဖို့၊ သူတို့ ကြံ့ခိုင်ရေးပါတီကို မဲပေးမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီက တအိမ်ထောင်ကို ဆန်၊ ဆီ၊ ဆား အားလုံးပေးဖို့ဆိုပြီး ကျမတို့အိမ်တွေကို ကြံ့ခိုင်ရေးကဆိုပြီး လာကြတယ်။ အိမ်ထောင်စုစာရင်းမိတ္တူတွေကို လာတောင်းပါတယ်။ အဲဒီတော့ အိမ်ထောင်စုစာရင်းမိတ္တူတွေကို ကျမတို့က ပေးလိုက်ပါတယ်။ ဒီတော့ မဲထည့်တဲ့နေ့အခါ အိမ်ကလူတွေ မဲထည့်ဖို့သွားတော့ ကျမတို့တွေဟာ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရပါဖို့။ မဲထည့်ပြီးရင် ဆန်၊ ဆီ၊ ဆားပေးဖို့လို့ ပြောသွားပါတယ်။ အဲဒီတော့ မနေ့ကတော့ ကျမတို့ ကြံ့ခိုင်ရေးပါတီကိုတော့ မဲထည့်ခဲ့ပါတယ်။ ကျမတို့လည်းကြောက်ပါတယ်။ ကျမတို့ရဲ့အိမ်ထောင်စုစာရင်းတွေ ယူသွားတာဆိုတော့ ကျမတို့ နာမည်တို့ ပါထားပြီးသားရှိလို့၊ သူတို့ဘက်မှာ အိမ်ထောင်စုစာရင်းမိတ္တူတွေ ပါသွားပြီဖြစ်လို့ ကျမတို့က ကြံ့ခိုင်ရေးကိုပဲ မဲထည့်ခဲ့ပါတယ်။ အခုအချိန်အထိ ဘာမှမရသေးပါ။ တလလောက်ရှိပါပြီ သူတို့ အိမ်ထောင်စုစာရင်းကို ယူသွားတာ။ အခုအချိန်အထိ ဘာတခုမှလည်း လာမပေးသေးပါ” လို့ သူက ပြောပါတယ်။
ကြံ့ခိုင်ရေးဝတ်စုံတွေ ဝတ်ဆင်ပြီး အိမ်ထောင်စုစာရင်းမိတ္တူတွေကို လာတောင်းသွားတာဖြစ်ကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေချိန်တွင် ဆန်နှင့်ဆီ အလကားရမည့်ကိစ္စဖြစ်တာကြောင့် အိမ်ထောင်စုစာရင်းတွေ ပေးလိုက်ကြတာဖြစ်ကြောင်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သူတို့က ကြံ့ခိုင်ရေးပါတီကလို့ ပြောပါတယ်လေ လာတောင်းတဲ့အခါ။ အဲဒီတော့ ကျမတို့ကလည်း ကြံ့ခိုင်ရေးပါတီက ဆန်တွေ၊ ဆီတွေ ပေးဖို့ဆိုရင် ကျမတို့ကလည်း ဆန်၊ ဆီ အလကားရဖို့ဆိုရင် လိုချင်ပါတယ်မလား။ မိသားစုအလိုက် တအိမ်ထောင်မှာ လူဘယ်နှယောက်ရှိလဲ၊ ရှိတဲ့လူအလိုက် ပေးပါမယ်လို့ ပြောပါတယ်လေ။ အဲဒီတော့ ဆန်နဲ့ ဆီနဲ့ လိုချင်လို့ သူတို့လည်း ကြံ့ခိုင်ရေးက အင်္ကျီတွေ ဝတ်လို့၊ ဦးထုပ်တွေဆောင်းလို့ လာကြပါတယ်လေ။ အဲဒီတော့ ကြံ့ခိုင်ရေးက လာတောင်းတာပဲလေ။ ဒါကြောင့် ပေးလိုက်တာပါ” လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတုန်းကလည်း တဦးကို ငွေကျပ် ၁ သောင်းဆီပေးကာ စုရုံးမှုတွေ လုပ်ခဲ့သေးကြောင်းလည်း သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာတော့ ရက္ခိုင်ပြည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ ၃ ခုမှာ ကျင်းပပြုလုပ်ခဲ့ပေမယ့် ရက္ခိုင်တိုင်းရင်းသားပါတီတွေဟာ အားကောင်းခဲ့ပေမယ့်လည်း အနိုင်မရရှိခဲ့ကြပါဘူး။
ကြံ့ဖွံ့ပါတီက ကြိုတင်မဲတွေကြောင့်ပဲ ရက္ခိုင်တိုင်းရင်းသားပါတီတွေကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

129 comments