အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် ဒီကနေ့ (ဇန်နဝါရီ ၁၅ ရက်) မနက်ပိုင်းက အိမ်တလုံးမီးလောင်လို့ မွေးကင်းစကလေးငယ်တဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ မွေးကင်းစကလေးငယ်မှာ မင်းပြားမြို့နယ်၊ နော်နော် (မူဆလင်) ရွာနေ အီစ္စမိုလ် နဲ့ နိုရိုဘာရို တို့ရဲ့သားဖြစ်သူ ၁၁ရက်သား အရွယ် မာမန်အုစ္စမန် ဖြစ်ပါတယ်။
“ မနက်အစောကြီး မိုးလင်ဝ ၂ နာရီလောက်မှာ မီးထလောင်တာ၊ ညက မီးကျွင်း မီးကျန် ကျန်ခဲ့တာနေမှာ။ လူကြီးတွေကတော့ ထွက်ပြေးလို့လွတ်သွားပေမယ့် ကလေးက အိမ်ထဲမှာကျန်ခဲ့လို့ အသက်ဆုံးရှုံးသွားတယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ အိမ်မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တလုံးလုံး လောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ဂွမြို့နယ် ရဟိုင်ကုတို့ရွာ ချမ်းသာကြီးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။ ၁၆ ရက်တွင်လည်း ပေါက်တောမြို့ အမှတ် ၁ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ရပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်တွင် ဘူးသီးတောင်မြို့မဈေးနဲ့ ကျောက်တော်မြို့ ကမ်းနားလမ်း ဈေးဆိုင်တန်း မီးလောင်ခဲ့လို့ ဆိုင်ခန်း ၃၅ ခန်းခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။
အာရက္ခတပ်တော် အနေနဲ့လည်း အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များနဲ့ လိုက်နာဆောင်ရွက်ထားရမယ့် ကိစ္စရပ်များတွေကို ပြည်သူလူထုသိရှိနိုင်ရန် အသိပညာပေးများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
