အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ဆင်ရေးအခြေအနေအရ ဆုတ်ခွာခဲ့ကြတဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိကြီး (၃) ဦးကို စစ်ကော်မရှင်က သေဒဏ် နဲ့ ထောင်ဒဏ်များ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒကစ (စစ်တွေ) တွင် စစ်တရားရုံးတင် စစ်ဆေးနေတဲ့ ဘူးသီးတောင်မြို့ အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ ကို တပ်မတော်အက်ဥပဒေ ပုဒ်မ-၃၂ (က) နဲ့ ၃၂ (ဎ) အရ သေဒဏ်၊ ခမရ (၃၅၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့် နဲ့ စကခ (၁၉) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့် တို့ကို ပုဒ်မ-၃၂ (က) နဲ့ ထောင်ဒဏ် နှစ် ၂၀၊ အသီးသီးချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ အရာရှိကြီး (၃) ဦးဟာ ၂၀၂၄ ခုနှစ် မေလက ဘူးသီးတောင်တိုက်ပွဲများတွင် စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ-စစ်သုံ့ပန်း) နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒကစ (စစ်တွေ) ကို ဖမ်းဆီး ပို့ဆောင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လက အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်တိုက်ပွဲကနေ ဆုတ်ခွာလာခဲ့တဲ့ ဗျူဟာမှူးအဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၃) ဦး ကိုလည်း သေဒဏ်များ ချမှတ်ခဲ့ပါတယ်။
အလားတူ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးကနေ ဆုတ်ခွာခဲ့တယ်လို့ဆိုကာ တပ်မတော်နည်းပညာတက္ကသိုလ် စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး (ကထိက) ၁ ဦးကိုလည်း ပုဒ်မ-၃၂ (က) နဲ့ ထောင်ဒဏ် နှစ်-၂၀ ချမှတ်ခဲ့ပါသေးတယ်။
တပ်မတော်အက်ဥပဒေ ပုဒ်မ-၃၂ (က) ဟာ စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာခြင်း သို့မဟုတ် အခြားတဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်း စတဲ့ စွပ်စွဲချက်များ၊ ပုဒ်မ-၃၂ (ဎ) ဟာ အထက်အရာရှိက ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဆိုတဲ့ စွပ်စွဲချက်ပုဒ်မများ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref – MDSI
