အာရက္ခတိုင်းမ်စ် (၂၅ ဧပြီ ၂၀၂၆)
လာမယ့် ဧပြီလ ၂၇ ရက်မှာ ကျရောက်မယ့် ၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့အတွက် ဒိုင်းနက် (Chakma) လူမျိုးစုကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
မိမိတို့ရဲ့ ယဉ်ကျေးမှု၊ အမွေအနှစ်များနဲ့ လူမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကာ အမျိုးသားနေ့ကို စည်းလုံးညီညွတ်စွာ ဆက်လက်ကျင်းပနိုင်ခြင်းဟာ ခမီလူမျိုးတွေရဲ့ ခိုင်မာတဲ့ စည်းလုံးမှုနဲ့ လူမျိုးရေး အသိအမြင် အားကောင်းမှုကို ထင်ဟပ်စေတယ်လို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။
“ ယနေ့ကာလတွင် အာရက္ခမြေရှိ လူမျိုးစုငယ်များအနေနဲ့ အမျိုးမျိုးသော စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း မိမိရဲ့ အမှတ်အသားနဲ့ အမွေအနှစ်များကို မမေ့မလျော့ ထိန်းသိမ်းနိုင်ခြင်းဟာ အလွန်တန်ဖိုးရှိတဲ့ အရာတခုဖြစ်တယ်” လို့လည်း သဝဏ်လွှာမှာ ဆိုထားပါတယ်။
အဆိုပါ အခြေအနေများအရ လူမျိုးစုငယ်များအကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတည်ဆောက်ရန် လိုအပ်နေပြီ ဖြစ်တယ်လို့ ဒိုင်းနက် (Chakma) လူမျိုးစုအနေနဲ့ ယုံကြည်ကြောင်း၊ အနာဂတ်တွင် မည်သည့်လူမျိုးမဆို တန်းတူအခွင့်အရေး၊ တန်းတူဂုဏ်သိက္ခာနဲ့ တည်တံ့ခိုင်မြဲတဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်တဲ့ ပတ်ဝန်းကျင်တရပ် တည်ဆောက်နိုင်ရေးအတွက် လူမျိုးစု အသီးသီးအနေနဲ့ အတူတကွ လက်တွဲဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
ခမီလူမျိုးအတွက်သာမက လူမျိုးစုငယ် အားလုံးအတွက်ပါ စည်းလုံးမှု မျှော်လင့်ချက်များနဲ့ ရှေ့ဆက်နိုင်ကြပါစေလို့လည်း ဒိုင်းနက် (Chakma) လူမျိုးစုကသဝဏ်လွှာမှာ ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ ရက္ခိုင်ပြည် မြောက်ဦးမြို့ (ယခင်မြိုဟောင်း) လောင်းရှည်ချောင်းကျေးရွာတွင် မြိုနယ်ပေါင်းစုံ ကျေးရွာပေါင်းစုံရှိ ခမီလူထုတရပ်လုံးက ခမီအမျိုးသား ညီလာခံတရပ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တာကို အခြေခံပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်က စတင်ကာ ပထမအကြိမ် ခမီအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
