အာရက္ခတိုင်းမ်စ် (၂၆ ဧပြီ ၂၀၂၆)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကို မူးယစ်ဆေးများ သယ်ဆောင်လာတဲ့ ဘုတ် ၂ စီးကို ဧပြီလ ၂၄ ရက်က အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ ဖမ်းမိတာက ရသေ့တောင်မြို့နယ်ထဲမှာပါ။ ဒုံးပိုက်နဲ့ ချိန်ခါလီကြားက ပင်လယ်အစပ်မှာပါ။ ဘုတ်က စက်ပျက်နေတော့ ကျောက်ချရပ်ထားတာ။ မူးယစ်ဆေးတွေ ဆေးခြောက်တွေပေါ့ အဲဒါတွေ တင်လာကြတာ။ စစ်တွေကို သွားပို့မှာတဲ့။ အားလုံး လူကတော့ ၇ ယောက်။ ယောင်္ကျား ၆ ယောက် နဲ့ မိန်းမ ၁ ယောက်ပါ” လို့ ရသေ့တောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော် ကမ်းခြေစောင့်ဝပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဉ် ဧပြီလ ၂၄ ရက် နေ့လည် ၁ နာရီခွဲခန့်က အဆိုပါ ဘုတ် ကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးရမိတာတွေကတော့ ဆေးခြောက် (3 kg) ၃ ထုတ်၊ (2 kg) ၃ ထုတ်၊ (1 kg) ၁၇ ထုတ် စုစုပေါင်း ၂၃ ထုတ်နဲ့ ယားနာလမ်းဆေး ၂ အိတ်၊ သန္ဓေတားဆေး ၂ အိတ်၊ ဖုန်း ၄ လုံးနဲ့ တာကာငွေ ၅၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးများ တင်ဆောင်လာတဲ့ဘုတ်ကို ဆွဲယူရန် ရောက်ရှိခါတဲ့ နောက်ထပ် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးပါ ဒုတိယမြောက် ဘုတ် ၁ စီးကိုလည်း အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက နေ့လည် ၂ နာရီ ခွဲခန့်မှာ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၁ ဦး၊ ဆေးခြောက်များနဲ့ ဘုတ် ၂ စီး ကို အာရက္ခတပ်တော် ကမ်းခြေးစောင့်တပ်ဖွဲ့များက ထိန်းသိမ်းထားပြီး တရားဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
