BusinessNewsPolitic

AA ကိုစိုးရိမ်လို့ စစ်တွေမြို့အဝင်ကို စစ်ဆေးရေး တင်းကြပ်၊ မွတ်ဆလင်တွေကို မြို့ဝင်ခွင့်မပေး

အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၆)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို စစ်ကော်မရှင်က တင်းကြပ်နေတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။

အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ မွတ်ဆလင်အယောင်ဆောင်ပြီး ဝင်ရောက်လာနိုင်တယ်ဆိုပြီး တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

အရင်က မွတ်ဆလင်တွေကို စစ်တွေမြို့တွင်း ဝင်ထွက်ခွင့်ကို ကန့်သတ်ထားပေမယ့် ၂၀၂၃ ခုနှစ် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တကျော့ပြန်တိုက်ပွဲအတွင်းမှာ မြို့တွင်းကို လွတ်လွတ်လပ်လပ် ဝင်ထွက်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ စစ်တွေမြို့မှာ ရွေးကောက်ပွဲမတိုင်ခင်က လူဦးရေထက် ၂ ဆပိုပြီး တိုးပွားလာနေတာကြောင့် အခုလိုမျိုး အဝင်အထွက်ကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဥပမာ အရင်က လူဦးရေ ၂ ထောင် ရှိတယ် ရွေးကောက်ပွဲ မတိုင်ခင်ကပေါ့။ အခုကတော့ ၃ ထောင်လောက် ဖြစ်နေတယ်။ ဒီလူတွေ ဘယ်ကနေ ရောက်လာတာလဲဆိုပြီး ပြောတယ်။ အဲဒါကို သူတို့က AA က မွတ်ဆလင်အယောင်ဆောင်ပြီး စစ်တွေထဲကို ဝင်လာနိုင်တယ်။ မွတ်ဆလင်အမျိုးသမီးတွေ ခြုံတဲ့ ပုဝါဆိုပြီး ခေါ်မလား အဲဒါ ရှိတယ်လေ။ အဲဒါကို ခြုံပြီး ဝင်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် မွတ်ဆလင်ကုလားတွေကို စစ်တွေမြို့ထဲကို ငါးလာရောင်းခွင့်ကိုလည်း မပေးတော့ဘူး အခုဆိုရင်” လို့ ပြောပါတယ်။

အဲဒီလို စစ်တွေမြို့တွင်းကို မွတ်ဆလင်တွေက ငါးတွေကို လာရောင်းခွင့် မရှိတဲ့အတွက် မြို့တွင်းမှာ ငါးတွေရှားပါးပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးတွေဈေးမြင့်တက်ပြီး ရှားပါးလာတာနဲ့အညီ တခြားသော အသားတွေ စားသုံးမှု များလာတာကြောင့် အဲဒီအသားတွေလည်း ဈေးနှုန်းထပ်ပြီး တက်လာတယ်လို့ သိရပါတယ်။

“ ငါးက သူတို့ခုတ်ထားပြီးသား အတုံးလေးတွေပေါ့ အဲဒါက တတုံးကို ၅၀ သားတောင် မရှိဘူး အစိတ်သားလောက်တော့ ရှိမယ် ၁၈၀၀၀။ အခုဆိုရင် အဲဒီဈေးနဲ့ကို မရတော့ဘူး။ အဲဒီတော့ ငါးဝယ်မစားနိုင်တော့ ဈေးသိပ်မကွာတဲ့ ဝက်သားနဲ့ အမဲသားတွေကိုပဲ ဝယ်စားရတာပေါ့။ အဲဒါတွေလည်း စားတဲ့သူများလာရင် ဈေးတွေ ထပ်တက်လာအုံးမှာ” လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့မှာ ဝက်သားတပိဿာကို ၇၂၀၀၀ ကျပ်ကနေ ၈၈၀၀၀ ကျပ်၊ အမဲသားတပိဿာကို ၇၀၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်အထိ ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။

စစ်တွေမြို့ အဝင်အထွက်အပြင် ဘုန်းကြီးကျောင်းတွေမှာ၊ ဒုက္ခသည်စခန်းတွေမှာလည်း လူဦးရေ စစ်ဆေးမှု တင်းကြပ်လာနေတာ ဖြစ်ပါတယ်။

အဲဒါအပြင် လက်ရှိမှာ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ရဲ့ စစ်ရေးကို ခုခံဖို့အတွက် စစ်တွေမြို့ ကမ်းနားလမ်းဘက်ကိုလည်း အုတ်တံတိုင်းတွေ ကာရံနေတယ်လို့လည်း စစ်တွေမြို့ ဒေသခံတွေထံကနေ သိရပါတယ်။

Related posts

ARSA ပြန်ပေးဆွဲခံထားရတဲ့ မွတ်ဆလင် လူငယ် ၁ ဦး ပြန်လွတ်မြောက်လာ

Rakhita Times

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

Rakhita Times

စစ်တွေကို ရေတပ်အင်အား သင်္ဘော ၄ စီး ခန့် စစ်ကောင်စီ ထပ်ပို့

Rakhita Times

Leave a Comment