အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)
ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွေ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ်က စစ်ရေးအရ ရှုံးနိမ့်နေလို့ ရေကြည်မြို့နယ်ထဲတွင် အမြောက်တပ်များ ထပ်မံချကာ ခုခံစစ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ အခုက အမြောက်တွေကို ပုသိမ်ကနေ ဇက်ရေယာဉ်နဲ့ ရေကြည်မြို့နယ်က စက်ဒေါင့်ကြီးရွာကို သယ်လာတယ်။ အဲဒီကနေ ဘုရာကြီးရွာမှာ အထိုင်ချ တပ်ဆွဲထားတယ်။ ပြီးတော့ ရွှေရင်မျှော်ကုန်း၊ မရမ်းချို၊ မြေရဲ နဲ့ ကမ္ဘားနီဘက်ကိုပါ ထပ်ချဲ့နေတယ်” လို့ ရေကြည်မြို့နယ်က စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ ဇွန်လ ၁၃ ရက်က စတင်ကာ ပုသိမ်ကနေ စစ်ကားတွေပေါ်မှာ အမြောက်တွေတင်ကာ ဇက်ရေယာဉ်နဲ့ ရေကြည်မြို့နယ် စက်ဒေါင့်ကြီးရွာကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ တပ်ဆင် အထိုင်ချကာ ခုခံရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွေးတုအစိုးရခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ရေကြည်မြို့နယ်ထဲက ညောင်စု၊ သစ်ဖြူ၊ ဆီဆုံကုန်း၊ ငှက်သိုက်၊ မြတ်တို၊ ယမင်းကူ၊ မအူကန် နဲ့ သီတာကုန်းပြင် စတဲ့ ကျေးရွာတွေမှာ သူရဲကောင်းတပ်မတော်သားတွေအတွက် ရိက္ခာဖိုးဆိုပြီး ၁ အိမ်ကို ၂ သောင်းကျပ် ကောက်ခံနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရင်းတဝိုက်မှာတော့ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
