အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အစပ် မင်းကြောင်ချောင်းတွင် ရွေးတုအစိုးရတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ရမ်းဗြဲက စက်လှေပိုင်ရှင် အပါအဝင် ပြည်သူ ၁၃ ဦးကို ကျောက်ဖြူတွင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“ ဖမ်းမိကတည်းက ရဲစခန်းအချုပ်မှာတောင် မထားဘူး။ ထောင်ထဲမှာ ချုပ်ထားတာ၊ အခု တစ်လလောက်ကြာမှ AA နဲ့ ပတ်သက်တယ်။ တရားမဝင် ကုန်ကူးတယ်။ ပုဒ်မ မျိုးစုံနဲ့ တပ်ပြီး တရားစွဲထားတယ်။ ကျောက်ဖြူမှာက ခုက သူတို့ လက်ခုပ်ထဲကရေလေ၊ ဘာမှာ ပြောလို့ ဆိုလို့ မရဘူး။ သူတို့လုပ်တာသာ အမှန်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ရွေးတုအစိုးရတပ် ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ပြည်သူ ၁၃ ဦးဟာ ဇွန်လ ၈ ရက်တွင် ကျောက်တော်မြို့ကနေ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ပြီး ရမ်းဗြဲမြို့ကို ပြန်လာတာလည်း ဖြစ်ပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့သူတွေကတော့ ရမ်းဗြဲမြို့နယ်က ဦးရွှေခဲ၊ ဦးစိန်ဝင်းမောင်၊ ဦးကိုကိုအောင်၊ ကိုနေမျိုးသိန်း၊ ကိုဇော်မင်းအောင်၊ ဦးခင်ဇော်ဦး၊ ဦးသန်းဝင်းလွင်၊ ဒေါ်ချောစုမေ၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်တင်မေသန်း၊ ဒေါ်ဝင်းဝင်းရွှေ၊ ဒေါ်ကြည်ကြည်ခင်နဲ့ ဒေါ်မိမိတို့ပဲ ဖြစ်ပါတယ်။
ရွေးတုအစိုးရတပ်ဟာ မာန်အောင်နဲ့ ရမ်းဗြဲ ရေလက်ကြားမှာ စစ်သင်္ဘောတွေကို အခြေကုတ်ချထားကာ ဖမ်းဆီးတာ၊ ငွေညှစ်တာနဲ့ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ စော်ကားတာတွေ ဆက်တိုက် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့လည်း မာန်အောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ အဲဒီ မင်းကြောင်ချောင်း အနီးမှာဘဲ ရမ်းဗြဲမြို့ကနေ အမ်းမြို့ အတွင်းကို ထွက်ခွာလာတဲ့ အရပ်သား ခရီးသည်တင် ဘုတ်တစီးကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာ လုပ်ခဲ့တဲ့အတွက် ဘုတ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့တာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
