အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ အစိုးရက ထောက်ပံ့တဲ့ ဆန်တွေ မရတာ ၂ လ ရှိနေပြီ ဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အကျွန်တို့က ကျောင်းဆရာမတွေပါ၊ ဝန်ထမ်းတွေပါ။ အကျွန်တို့မှာလည်း ဝန်ထမ်းဆန် မရတာလည်း ၂ လ ရှိပါပြီ။ အစိုးရဆန်က တစ်လကို တစ်တောင်းကျော်ကျော်၊ နှစ်တောင်းနီးပါးလောက် ရပါတယ်။ ဆန်ရတယ်။ နောက်ပြီးရင် ၉၂ ဆိုင်ကယ်ဆီလည်း ပေးပါတယ်။ အခုက ကျောင်းဖွင့်တာလည်း ၂ လ ရှိပါပြီ။ ကျောင်းဖွင့်တဲ့ ၂ လအတွင်းမှာ ဆန်လည်း မရသေးပါ” လို့ သူက ပြောပါတယ်။
စစ်တွေမြို့ဟာ ပြည်နယ်တွင်း အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့၊ ဗဟိုအစိုးရနဲ့ ချိတ်ဆက် လုပ်ကိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။
စစ်တွေမြို့ဟာ လတ်တလော စစ်ရေးအခြေအနေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့ မြို့လည်း ဖြစ်နေတာပါ။
စစ်တပ်လက်ထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေ ကျန်နေပေမဲ့ စစ်တွေကျရင် ရက္ခိုင်ပြည် ကျပြီဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။
ရက္ခိုင်ပြည်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု တွေနဲ့ ကျောင်းပိတ်ထားရတာတွေရဲ့ အကျိုးဆက်ကို ခံစားနေရကြတာပါ။
ဒါပေမယ့် လက်ရှိမှာတော့ စစ်တွေဟာ တိုက်ပွဲတွေ ကြီးကြီးမားမား မဖြစ်တာကြောင့် မြို့ပေါ်တွေကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒေသခံတွေဟာ နေရပ်ကို ပြန်လည် ရောက်ရှိနေကြတာကြောင့် ကျောင်းတက်မှုနှုန်းက အရင်နှစ်တွေကထက် ပိုများလာတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျောင်းတက်တဲ့နှုန်းကတော့ အရင်ကထက် ပိုလို့ များလာပါတယ်။ များလာတာမှာ ဘာဖြစ်လို့ များလာတာလဲဆိုရင် ရန်ကုန်ကို သွားခဲ့တဲ့လူတွေလည်း စစ်တွေကို ပြန်လာခဲ့တယ်။ စစ်တွေမှာ ကျောင်းပြန်လာတက်ခဲ့တယ်။ မိသားစုတွေ တော်တော်များများ ပြန်ရောက်နေကြပြီ။ ကျောင်းမှာလည်း နဂိုထက်ပိုလို့ ကျောင်းသားလူဦးရေဆိုက မနှစ်ကထက် အရင်နှစ်တွေကထက် နည်းနည်းများလာတာပေါ့” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်မှာ ပြီးခဲတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစပြီး ရွေးတုအစိုးရနဲ့ အာရက္ခတပ်တော်ကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီး လက်ရှိအချိန်မှာ နယ်မြေအများစုကို လက်လွတ်ဆုံးရှုံးခံထားရတဲ့ ရွေးတုအစိုးရဟာ ရက္ခိုင်ပြည်အနှံ့က စာသင်ကျောင်းနဲ့ ဆေးရုံ အဆောက်အဦးတွေကိုပါ မချန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
အာရ္ခတပ်တော်က လက်ရှိမှာ ရက္ခိုင်ပြည် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ရွေးတုအစိုးရက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ကိုသာ ထိန်းချုပ်နိုင်ပါတော့တယ်။
ရွေးတုအစိုးရအနေနဲ့ မာန်အောင်မြို့နယ်တစ်ခုသာ တစ်မြို့နယ်လုံးအနေအထားနဲ့ ထိန်းချုပ်ထားနိုင်ပြီး နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာတော့ မြို့ပေါ်နဲ့ အနီးအနားကျေးရွာ တချို့လောက်သာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။
