အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆)
နှစ် ၇၀ နီးပါး တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းပါတီဗဟိုကော်မတီဝင်၊ ကရင်နီတပ်မတော် (KA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ မနေ့က (စက်တင်ဘာလ ၂၇ ရက်) ညနေ (၆) နာရီ (၄၅) မိနစ်မှာ လူကြီးရောဂါနဲ့ ဘဝတစ်ပါးကို ပြောင်းလဲသွားပြီ ဖြစ်ကြောင်း KNPP ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၇၆) နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီပြည်သူတွေအတွက် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ တစ်သက်တာလုံး အပြည့်အဝ မြှုပ်နှံခဲ့တဲ့ ထင်ရှားတဲ့ စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
အခုလို တော်လှန်ရေးခရီးရှည်ကြီးမှာ လမ်းပြခေါင်းဆောင်ကောင်းတစ်ဦးကို ထပ်မံဆုံးရှုံးလိုက်ရတာဟာ ကရင်နီပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပါတယ်။ (ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခဲ့ပါသေးတယ်။)
အမိကရင်နီမြေအတွက် သစ္စာရှိရှိ အသက်ပေး တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်မှူးကြီးဘုန်းနိုင်ရဲ့ ရုပ်အလောင်းကိုတော့ လာမည့် စက်တင်ဘာလ (၃၀) ရက်မှာ ကရင်နီပြည် နယ်စပ်တစ်နေရာမှာ အလေးအမြတ်ထား မြေမြှုပ် သဂြိုဟ်သွားမယ်လို့ သိရပါတယ်။
