NewsPolitic

လေကြောင်းအန္တရာယ်နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ စိန်ခေါ်မှုရှိပေမယ့် အကောင်းဆုံးကြိုးပမ်းနေကြောင်း ULA  ပြော

အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း လူမှုသဟဇာတ တည်ဆောက်ရေးလုပ်ငန်းတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိပေမယ့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် စိန်ခေါ်မှုတွေနဲ့ အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ULA ပါတီဗဟိုရုံးက တာဝန်ရှိသူ မလှမြခိုင်က ပြောပါတယ်။

မလှမြခိုင်က အတိတ်ကာလတွေမှာ အုပ်ချုပ်ခဲ့ကြတဲ့ လူတန်းစားတွေရဲ့ သွေးခွဲအုပ်ချုပ်မှုတွေ၊ ရန်တိုက်မှုတွေ၊ မမျှမတ ဆက်ဆံမှုတွေနဲ့ ဝန်ထမ်းအချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် လူမှုသဟဇာတ ယိုယွင်းပျက်စီးခဲ့ရတဲ့ ဆိုးကျိုးတွေကို ကုစားရာမှာ လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှု တည်ဆောက်ရေးက အဓိက အရေးပါတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်းများစွာ အကြောက်တရားနဲ့ အုပ်ချုပ်ခံခဲ့ရမှု၊ ဖွံ့ဖြိုးမှု နောက်ကျခဲ့မှုနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမှုဆိုင်ရာ အားနည်းချက်တွေကြောင့် ပြည်သူတွေကြား သံသယနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်တွေ ရှိနေသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တောတောင်ဒေသတွေက လူမျိုးစုတွေဆီ သွားရောက်ပြီး မူဝါဒတွေ ရှင်းပြရာမှာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုက အတားအဆီးတစ် ခုဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

မလှမြခိုင်က အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ULA နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့က လက်ရှိမှာ ရပ်ရွာအဆင့် ပါတီကော်မတီတွေ ဖွဲ့စည်းပြီး အားလုံးပါဝင်ရေးမူကို အကောင်အထည်ဖော်နေပြီး မည်သည့်လူမျိုး၊ ဘာသာမဆို ရက္ခိတလမ်းစဉ်အရ တိုင်းသူပြည်သားတစ်ဦးချင်းရဲ့ တာဝန်ဝတ္တရားနဲ့ ရပိုင်ခွင့်တွေအတွက် အတူတကွ ကြိုးပမ်း ဆောင်ရွက်လျက် ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

အစိုးရဟောင်းရဲ့ ဖိနှိပ်မှုဒဏ်ကြောင့် ပြည်သူအချို့ကြား သံသယစိတ်အနည်းငယ် ရှိနေဆဲဖြစ်ပေမယ့် ပြည်သူ့ဆက်ဆံရေးမှူးတွေနဲ့ ပါတီဝင်တွေက ULA ရဲ့ မူဝါဒကို စိတ်ရှည်လက်ရှည် ရှင်းပြနေပြီး ပြည်သူ့လုံခြုံရေးကို ဦးစားပေးစီမံခန့်ခွဲရင်း လူမှုသဟဇာတ တည်ဆောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Related posts

စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ AA ဝန်ခံ

Rakhita Times

စစ်တွေမှာ စကမ ရောင်းတဲ့ စျေးပေါဆန် စားပြီး ရောဂါတွေရနေ

Rakhita Times

AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောမီးလောင်သွား

Rakhita Times

Leave a Comment