BusinessNewsPolitic

စစ်တွေက ကုန်ဈေးနှုန်းကြောင့် မုန့်တီကို ကြွပ်ကြွပ်အိတ်နဲ့တောင် မ‌ရောင်းနိုင်

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေ ဘက်ပေါင်းစုံကနေ မြင့်တက်နေတာကြောင့် ရပ်ကွက်တွေမှာ တစ်ပိုင်တစ်နိုင် မုန့်တီရောင်းချနေသူတွေဟာ ကြွပ်ကြွပ်အိတ်တောင် မသုံးနိုင်တော့ဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မုန့်တီရောင်းစားနေတဲ့လူတောင်မှ နက်ဖန်ခါ မုန့်တီရောင်းဖို့အတွက်ကို ၁၅၀၀ ဖိုးဝယ်လို့ ချက်လို့ ရောင်းနေရတယ်။ နောက်ပြီးရင် မုန့်တီရောင်းရင် ခါတိုင်းဆို အသုပ်တို့ မုန့်တီတို့ဆို မြို့ထဲက ဆိုင်ကြီးတွေကို မဆိုလိုပါဘူး။ ရပ်ကွက်တွေမှာရှိတဲ့ ဆိုင်အငယ်တွေမှာဆိုရင် ကြွပ်ကြွပ်အိတ်နဲ့ ထည့်လို့ ရောင်းပါတယ်မလား။ အဲဒါတွေကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်လို့ မရောင်းတော့ဘူး။ ကိုယ့်အိမ်က ချိုင့်တွေယူခဲ့ပါဆိုတဲ့ ပုံစံမျိုးတွေနဲ့ အနေအထားပေါ့။ ကြွပ်ကြွပ်အိတ်နဲ့ရောင်းရင် ကြွပ်ကြွပ်အိတ်ဖိုး၊ မုန့်တီဖိုး၊ ငါးနဲ့ပတ်သက်တဲ့၊ အရည်နဲ့ပတ်သက်တဲ့ ထည့်တဲ့ ငါးဟင်းမျိုး အဲဒါတွေကအစ ဈေးကြီးနေတဲ့အခါ မုန့်တီကိုတောင် ကြွပ်ကြွပ်အိတ်နဲ့ မရောင်းတော့ဘူးလို့ လက်ရှိအနေအထားနဲ့ သိရပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ အလုပ်အကိုင်ရှားတာနဲ့အတူ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်တွေကြား စားဝတ်နေရေး အကျပ်အတည်း အဆိုးရွားဆုံး အခြေအနေထိ ရောက်ရှိနေပြီး တောင်းရမ်းစားသောက်တဲ့သူ ပိုများလာနေတယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ ‘ဖြတ်လေးဖြတ်’ ဗျူဟာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်တွေဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ အငတ်ဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘောတွေကို စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့သာ သယ်ယူခွင့်ရှိတာကြောင့် စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှုက ပုံမှန်မရှိတဲ့အတွက် စစ်တွေမြို့တွင်း ကုန်ဈေးနှုန်းတွေမှာ အဆမတန် မြင့်တက်နေတာပါ။

လက်ရှိမှာတော့ ဟင်းသီးဟင်းရွက်တွေ ပေါနေပြီး မူဆလင်ရွာတွေဘက်ကနေ လာရောင်းပေးနေတာကြောင့် ဈေးတန်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေမှာက အခု သင်္ဘောတွေ ဝင်တယ်ဆိုရင်လည်း ကုန်ဈေးနှုန်းတွေက ဟင်းသီးဟင်းရွက်က အားလူးတို့ ငရုတ်သီးတို့ဆို ဈေးတန်ပါတယ်။ အခု ဟင်းသီးဟင်းရွက်လည်း ပေါနေတယ်ဆိုတဲ့အခါ စစ်တွေမြို့မှာ ဟင်းသီးဟင်းရွက်တွေကို ကုလားရွာတွေဘက်က ရောင်းလာလို့ ဈေးလည်း တန်ပါတယ်။ မုန်လာဥတွေလည်း တန်ပါတယ်။ ပဲသီးတွေဆို ပေါလို့။ ကောင်းကောင်းကို တန်တယ်။ ပြောရရင် စားရသောက်ရတာက ဟင်းသီးဟင်းရွက်တွေ တန်ပါတယ်။ ခက်တာက အသားငါး ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိသားစုများတဲ့လူတွေဆိုရင် ဟင်းအများနဲ့ဆို အလှအပ ဝဝလင်လင် စားရမှာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ပေါ်ဆန်းမွှေးဆန်တအိတ်ကို ကျပ် ၂၈၀,၀၀၀ ကနေ ဆန်ကြမ်းတအိတ်ကို ကျပ် ၁၅၀,၀၀၀ အထိ ပေါက်ဈေး ရှိနေပါတယ်။

ဒါ့အပြင် စားအုန်းဆီ တစ်လီတာ နှစ်သောင်းကျပ်နီးပါး၊ ကြက်ဥတစ်လုံး  ကျပ် ၁,၃၀၀၊ ဝက်သား တစ်ပိဿာ ကျပ် ၆၅,၀၀၀၊ အမဲသား တစ်ပိဿာ  ကျပ် ၈၀,၀၀၀ ခန့်အထိ ပေါက်ဈေးတွေရှိတယ်လို့ သိရပါတယ်။

Related posts

Silent Message ဓာတ်ပုံပြပွဲက ပုံတချို့(ဓာတ်ပုံသတင်း)

Rakhita Times

သံတွဲမြို့သစ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ သားအဖ ၂ ဦး သေဆုံး၊ ၂ နှစ်ကလေးပါ ၃ ဦး ဒဏ်ရာရ

Rakhita Times

မူးယစ်ဆေးဝါးအမှုက နိုင်ငံရေးသိက္ခာချတာလို့ AA တုန့်ပြန်

Rakhita Times

Leave a Comment