အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ မိုင်းယု ၁၀၅ မိုင်မှာ အာရက္ခတပ်တော် (AA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဦးဆောင်မှုနဲ့ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာလ ၂၄ ရက်) မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကထိန်လှည့်လည်ပွဲကို ယင်းနေ့ မွန်းလွဲ ၁ နာရီမှာ မိုင်းယု ၁၀၅ မိုင် ကားကြီးကွင်းကနေ စတင်ထွက်ခွာပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လှည့်လည်ခဲ့ပါတယ်။
ပြီးနောက် မော်တောင်းကျေးရွာအုပ်စုက လွယ်ဝိန်းခမ်းတောင်ပေါ်ကျောင်းတိုက်ကို သွားရောက်ပြီး ကထိန်သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို စုပေါင်း ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပွဲတော်မှာ AA နဲ့ MNDAA တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စည်ပင်သာယာရေးဌာနက တာဝန်ရှိသူတွေ၊ မိုင်းယု ၁၀၅ မိုင် အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း ပါဝင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တက်ရောက်လာသူတွေနဲ့ ဧည့်သည်တော်တွေကို ကြာဇံဟင်းခါးနဲ့ ဧည့်ခံကျွေးမွေးခဲ့တယ်လို့လည်း သိရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကထိန်ကာလ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ) ရဲ့ နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။
မိုင်းယု ၁၀၅ မိုင်ဟာ AA၊ MNDAA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ခဲ့ပြီး ပူးတွဲအုပ်ချုပ်ခဲ့တဲ့နေရာဖြစ်ပေမယ့် MNDAA နဲ့ TNLA တို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။
