အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၅)
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ ဆက်လက်တည်ရှိနေပြီးတော့ ထိုလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်း လာနိုင်ပြီး အားကောင်းတ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်ကို ရောက်ရှိနိုင်ပါတယ် လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုလေဖိအားနည်းရပ်ဝန်းက နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေများကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အလွန်ကောင်းနေပြီး ဇူလိုင်လ ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရက္ခိုင်နဲ့ ရှမ်းတို့တွင် နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးပါမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမှာဖြစ်ပြီးတော့ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တနာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေကနေ ၁၆ ပေခန့် ရှိနိုင်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများနဲ့ လေကြောင်းပျံသန်းမှုတွေ ဆည်မြောင်းတာတမံတွေ လိုအပ်တာ ပြင်ဆင်ထားရန်လည်း လိုအပ်ပါတယ်။
လက်ရှိမှာ အပူပိုင်းမုန်တိုင်းဝီဖာရဲ့ အရှိန်ကြောင့် ထိုင်းနိုင်ငံ မဲဆောက် နဲ့ မြန်မာနိုင်ငံတို့မှာ ရေကြီးရေလျံမူတွေ ဖြစ်ပေါ်နေပါတယ်။ ဇူလိုင်လ ၂၄ ရက်ကလည်း ရန်ကုန်မြို့မှာ လေဆင်နှာမောင်းတိုက်ခတ်မှုလည်း ဖြစ်ပေါ်ခဲ့တာကြောင့် သမ္မာန်လှေတိမ်းမှောက်ခဲ့ပြီး လူသေဆုံးမူတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။
