အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အာရက္ခတပ်တော်တော် အတွက် ရက္ခိုင်ပြည်အတွင်း လူသားအရင်းအမြစ်ရှားပါးနေမှုက စိန်ခေါ်မှုကြီးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ အရင်ကတည်းက အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်တွင်း၊ ပြည်ပကို ထွက်ခွာသွားကြတဲ့ ရက္ခိုင်လူငယ်အများအပြား ရှိတဲ့အတွက် လက်ရှိမှာ အာရက္ခတပ်တော် အနေနဲ့ ဒေသတွင်းအုပ်ချုပ်ရေးအတွက် လူသားအရင်းအမြစ်တွေ လိုကြောင်း သူက ပြောပါတယ်။
“သူတို့ဘက်ကတော့ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်တယ်ပေါ့။ ဒီလောက်အထိလည်း အုပ်ချုပ်ရေးအတွေ့အကြုံတွေ၊ အုပ်ချုပ်ဖို့အတွက် လူသားအရင်းအမြစ်တွေ၊ တော်တော်များများ ရက္ခိုင်မှာက လူသားအရင်းအမြစ်တွေ အသုံးပြုတာ များတယ်လေ။ ဗမာပြည်ဘက်ကို ထွက်သွားတာတွေရယ်၊ နိုင်ငံတကာကိုရောက်သွားတာတွေရယ်၊ နဂိုကတည်းက ရက္ခိုင်ပြည်ဆိုတာက အလုပ်အကိုင်ရှားပါးတဲ့ ပြည်နယ်တစ်ခု ဖြစ်တဲ့အတွင်းမှာ ရက္ခိုင်လူငယ်တွေကနေပြီးတော့ တခြားဒေသတွေကို ထွက်ပြီး လုပ်ကိုင်နေကြတာတွေများထဲ့အထဲမှာ အဲဒီဟာတွေကတော့ စိန်ခေါ်မှုက ကြီးတယ်။ တပ်တော်အနေနဲ့လည်း ရှိတဲ့လူတွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့အုပ်ချုပ်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာတွေ တွေ့ရတယ်ဆိုတဲ့အခါ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီဘက်က ရက္ခိုင်ပြည်ကို ဒေသတွင်း လေကြောင်းလိုင်းမှအပ ကျန်လမ်းကြောင်းတွေ အကုန်လုံးကို ကန့်သတ်ပိတ်ပင်လိုက်သလို အာရက္ခတပ်တော်ဟာလည်း စစ်မှုထမ်းဥပဒေအရ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေကို ရက္ခိုင်ပြည်ထဲကနေ ထွက်ခွာခွင့်ကို ကန့်သတ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာသာမက အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာပါ ဒေသခံလူထုအတွက် အလုပ်အကိုင်ဟာ မရှိသလောက်ဖြစ်နေကြောင်းလည်း ဒေသခံတွေထံကနေ သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ထိန်းချုပ်နေတဲ့ ဒေသတွေရှိ လူထုရဲ့ စားဝတ်နေရေး ဘယ်လိုပြေလည်အောင် လုပ်မလဲဆိုတဲ့အပေါ် မြေပြင်မှာရှိနေတဲ့လူတွေအနေနဲ့ စဉ်းစားသင့်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သူတို့ ပထမဆုံး လူထုကို စည်းရုံးရမယ်။ လူထုထောက်ခံလာအောင် ကြိုးစားပြီး လူထုမှာ အလိုအပ်ဆုံးကိစ္စတွေ ဖြစ်မှာပေါ့။ လူထုမှာ စားဝတ်နေရေး ဘယ်လိုပြေလည်အောင်လုပ်မလဲ။ ထုတ်လုပ်ရေး လုပ်မလား။ ဒီလိုဟာတွေကို သူတို့ဘာသာသူတို့ မြေပြင်မှာရှိတဲ့လူတွေ စဉ်းစားပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရက္ခိုင်တစ်ပြည်လုံးမှာ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ဖို့ ကျန်ရှိနေတာပါ။
ကျောက်ဖြူမှာတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရေးပြင်းထန်ခဲ့ပေမယ့် အခုအခါမှာတော့ စစ်ရေးဟာ ငြိမ်သက်လျက်ရှိပါတယ်။
ဒါအပြင့် စစ်ကောင်စီရဲ့ ကာ/လုံကနေ ရက္ခိုင်ပြည်အတွင်းက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို အရေးပေါ် အခြေအနေကြေညာထားပြီး စစ်အုပ်ချုပ်ရေးကို ရက် ၉၀ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီဒေသတွေမှာ စစ်ရေးတွေဟာ ပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

3 comments
проектор для домашнего кинотеатра магазин проекторов в Москве
Играешь в казино? ап икс сайт Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.
заклепки вытяжные 6.4 заклепки стальные вытяжные